UK တွင် အင်တာနက် အသုံးပြု၍ အကြမ်းဖက်မုန်းတီးရေး လှုံ့ဆော်မှု မပြုနိုင်အောင် စတင်ဆောင်ရွက်

လန်ဒန် ၊ ၁၆-၁၁-၂၀၁၄

ISIS စစ်သွေးကြွ များက ကမ္ဘာအနှံ့ ဂျီဟတ်ဒ် မီးတောင်များ ပေါက်ကွဲ စေရမည်ဟု ခြိမ်းခြောက် ခဲ့ပြီးနောက် UK ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က UK အတွင်း အင်တာနက် ဝန်ဆောင်မှု ပေးနေသော ISP များကို အကြမ်းဖက် မုန်းတီးရေး စကားစုများအား ပိတ်ဆို့ရန် Filter အသုံးပြုရေး နှင့် အကြမ်းဖက် တိုက်ခိုက်ရန် စည်းရုံး လှုံ့ဆော်ခြင်း ခံရသော ပြည်သူ ကလည်း ယင်း အင်တာနက် စာမျက်နှာ အကြောင်း အလွယ်တကူ တိုင်ကြားနိုင်ရေး အတွက် တိုင်ကြား ရန်ခလုတ် (ပုံ) ကို တစ်ပါတည်း ထည့်သွင်းထားရန် ညွှန်ကြား ထားကြောင်း သိရသည်။

ဂျီဟတ်ဒ် သမားတွေက အင်တာနက်ကို အသုံးပြုပြီး စည်းရုံး လှုံ့ဆော်တာတွေ မလုပ်နိုင်အောင် ဟန့်တားဖို့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ISP တွေမှာ လူမှုတာဝန် ရှိပါတယ်။ ISP တွေ အနေနဲ့ အကြမ်းဖက် မုန်းတီးရေး စကားစုတွေ ပါတဲ့ စာမျက်နှာတွေကို ရှာဖွေ ပိတ်ဆို့မယ့် Filter တွေကို ပိုစေ့စပ်အောင် ပြုလုပ်ပေးဖို့ ၊ ဒီလို စာမျက်နှာတွေ အကြောင်း လူထုက တိုင်ကြားရာမှာ လွယ်ကူ မြန်ဆန်စေဖို့ အမြန်ဆုံး လုပ်ပေးဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ပြောသည်။

ISIS စစ်သွေးကြွ များသည် အချင်းချင်း ဆက်သွယ်ရန်၊ လူသစ် စုဆောင်းရန်၊ စည်းရုံး လှုံ့ဆော်ရန် Facebook, Twitter, Instagram အစရှိသော လူမှုကွန်ရက်များ အပြင် အင်တာနက် Blog အမြောက်အမြား ကို အသုံးပြု နေကြသည်ကို စစ်ဆေး တွေ့ရှိပြီးနောက် ယခင်အပတ် က သြစတြေးလျနိုင်ငံ ကရင်ဘယ်ရီမြို့ တွင် လွှတ်တော်အမတ် များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်၌ ကင်မရွန်း က UK ၏ အွန်လိုင်းကို အသုံးပြု၍ အကြမ်းဖက် ဝါဒဖြန့်ချိ နေမှုကို ဟန့်တားသွားရန် စီစဉ် ဆောင်ရွက် နေပုံကို ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

အင်တာနက်ပေါ်တွင် ကလေး သူငယ်များ၏ ညစ်ညမ်းဓာတ်ပုံ များကို တွေ့ရှိလျှင် တိုင်ကြားနိုင်သော ခလုတ် ပါရှိပြီးဖြစ်ရာ ယခု အကြမ်းဖက် မုန်းတီးရေး စကားစု နှင့် အခြား ဖော်ပြချက်များကို တိုင်ကြားနိုင်မည့် ခလုတ် ထည့်သွင်း ရာတွင်လည်း အခက်အခဲ ရှိလိမ့်မည် မဟုတ်ဟု ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကယူဆပြီး ယခုအခါ သက်ဆိုင်ရာ ISP များ က အကြမ်းဖက် မုန်းတီးရေး စကားစုများ အဖြစ် သတ်မှတ်ရမည့် ရေးသား ဖော်ပြချက်များကို စိစစ်ရွေးချယ် သတ်မှတ်နေပြီ ဖြစ်ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/uk.html


UK တွင် အင်တာနက် အသုံးပြု၍ အကြမ်းဖက်မုန်းတီးရေး လှုံ့ဆော်မှု မပြုနိုင်အောင် စတင်ဆောင်ရွက် UK တွင် အင်တာနက် အသုံးပြု၍ အကြမ်းဖက်မုန်းတီးရေး လှုံ့ဆော်မှု မပြုနိုင်အောင် စတင်ဆောင်ရွက် Reviewed by သစ်ထူးလွင် on 09:51 Rating: 5
Powered by Blogger.