တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၄)

ကင်မရာသင်တန်းအတွက် ကွင်းဆင်းရိုက်ကူးခြင်း

VJ (Video Journalist) သင်တန်းပေးတဲ့ အမေရိကန်ဆရာက ကင်မရာသဘောတရားကို တရက်ပဲ သင်ပြီး ၂ ရက်မြောက်နေ့ကတည်းက ကွင်းဆင်းရိုက်ကူးရပါတယ်။ ပထမ နေ့မှာတော့ ရှေ့မှာတင်ပြခဲ့တဲ့ ရိုက်ကွက် ၅ မျိုး ကို ဘယ်လိုရိုက်ရသလဲဆိုတာ ရုံးရှေ့က လမ်းမပေါ် သူကိုယ်တိုင်ရိုက်ပြပါတယ်။ နိုင်ငံကျော်သတင်းဌာနကြီး DVB ရုံး ဆိုပြီး အထင်မကြီးလိုက်ပါနဲ့။



အသံလွှင့်ရုံ ရုံးခန်းကြီး ဒီနားမှာရှိနေမှန်း ဒီလမ်းထဲကလူတွေတောင်မသိပါ။ ရုံးခန်းက လမ်းဘေးမှာမဟုတ်။ လမ်းပေါ်က နေမမြင်နိုင်တဲ့ အနောက်ဖက်ကွက်လပ်တခုထဲမှာ။ DVB ရုံးကိုလာလည်တဲ့ RFA က ဦးခင်မောင်ငြိမ်းရဲ့စကားကို ကိုးကားပြောရမယ်ဆိုရင် Wessels Gate လို့ရေးထားတဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြားအတိုင်းလျောက်ပြီး မှန်တွေကွဲနေတဲ့ဆိုင်းဘုတ်ဘေးက သံတခါးအိုကြီးကို တွန်းဖွင့်ပါ။ ပြီးရင် အပေါက်သေးလေးထဲ ၀င်လိုက်ပါ။ ကားတစီးစာ တင်နိုင်နဲ့ ဓတ်လှေကားပေါ်တက်လိုက်ရင် DVB ရုံးကိုတွေ့ရ မယ်တဲ့။
အဲဒီလိုဘယ်သူမှမသိတဲ့နေရာမှာ ကင်မရာအကောင်းစား ၃ လုံးလောက်နဲ့ ခေါင်းမဲတွေ (အာရှသားတွေကို မြန်မာ အချင်းချင်း ခေါ်ကြတဲ့အသုံးအနှုန်း။ နော်ဝေးတွေအားလုံးက ဆံပင်ဖြူကြတယ်လေ) ခေါက်တုန့်ခေါက်ပြန်ရိုက်နေ တော့ လူတချို့ကအထူးအဆန်းအဖြစ်ကြည့်ကြပါတယ်။ အဲဒီလိုအစမ်းရိုက်ထားတဲ့ တိတ်တွေကို ကင်မရာကနေ ကွန်ပြူတာထဲကူးထည့်၊ ပြီးရင် တည်းဖြတ်-အက်ဒစ်လုပ်နည်း ဆက်သင်ပေးပါတယ်။ အဲဒီမှာ ရှေ့အခန်းမှာတင်ပြခဲ့တဲ့အတိုင်း လိုချင်တဲ့အသံနေရာလောက်ပဲ ရွေးယူတော့ Jam Cut တွေ ဖြစ်ကုန်တာပေါ့။
ကင်မရာသဘောတရားနဲ့ပတ်သက်ပြီး အမေရိကန်ဆရာရှင်းပြတဲ့အထဲ အခုချိန်ထိကျနော်မှတ်မိနေတဲ့အချက်က တော့ ‘’ဟောလီးဝုဒ်ရုပ်ရှင်တွေ ဘာကြောင့်နာမည်ကြီးသလဲ။ လူတွေ ဘာကြောင့် ပိုက်ဆံပေးကြည့်နေကြတာလဲ’’ ဆိုတဲ့မေးခွန်းပါပဲ။ 
ပထမ တော့ ဒီဆရာဘာကိုဆိုလိုမှန်း သဘောမပေါက်ပါဘူး။ မပေါက်တဲ့အပြင် ရုပ်ရှင်ဆိုတာ သတင်းလို အမှန်တရားပါတာမှမဟုတ်ပဲ။ အားလုံးဆင်ပြီးရိုက်ထားတာပဲ။ သတင်းမှတ်တန်းနဲ့ ရုပ်ရှင်ကတခြားစီမို့လား။ ရုပ်ရှင်သမားက သတင်းမှတ်တန်း သမားလောက် အဆင့်မရှိပါဘူးဆိုပြီးတောင် ဝေဖန်မိခဲ့ပေါ့။
‘’ဒါဖြင့် မင်း ဘာလို့ ဟောလီးဝုဒ်ရုပ်ရှင်ကို ကြည့်နေတာလဲ’’ လို့ ဆရာကမေးခွန်းထုတ်ပါတယ်။ အပြင်းဖြေ ကြည့်တာပေါ့လို့ဆိုတော့ ဆရာကရယ်ပါတယ်။ ‘’မင်းသေချာလို့လား တဲ့။ အသေချာစဉ်းစားကြည့်ပါ။ တကယ်က ကင်မရာရိုက်ချက်တွေကောင်းလွန်းလို့ မင်းကြည့်နေတာမို့လား’’ တဲ့။
အင်း… သူပြောမှပဲ အသေချာစဉ်းစားမိပါတယ်။ အရင်က ဇတ်လမ်းဇတ်ကွက်ကိုကြည့်ရာကနေ အခု ကင်မရာ သင်တန်းဆင်းတော့မှပဲ ကင်မရာရိုက်ကွက်တွေကို လိုက်ကြည့်မိပါတယ်။ သတင်းကြည့်ရင်လဲ ဒီလိုပါပဲ။ အရင်က သတင်းသိချင်လို့ကြည့်ရာကနေ အခုတော့ ဒီစတိုရီကို ဘယ်လိုရိုက်ထားသလဲ။ Jam Cut ပါသလား။ ရိုက်ကွက်စုံ ရဲ့လားကြည့်ရင်းနဲ့ အတော်အလုပ်ရှုပ်ခဲ့ရဖူးပါတယ်။
တတိယမြောက်နေ့မှာတော့ သင်တန်းသားအားလုံး အောစလိုမြို့ထဲသွားပြီး ကြိုက်တဲ့ရိုက်ကွက်တခုစီ ရိုက်ခိုင်းပါ တယ်။ ကြိုက်တဲ့ရိုက်ကွက်ဆိုပေမဲ့ လှုပ်ရှားမှုများများပါတဲ့ရိုက်ကွက်မျိုးမှ ဆရာကကြိုက်ပါတယ်။ ဥပမာ ရုံးတွေ၊ အိမ်တွေလို ငြိမ်နေတဲ့ဟာကြီးကို သွားရိုက်လာလို့ ဘာမှမထူးပါ။ ဒီတော့ လှုပ်ရှားမှုလဲအဆက်မပြတ်ရှိ၊ အသံလဲ ထွက်နေတဲ့ ဆံပင်ညှပ်ဆိုင်လိုမျိုး၊ စားသောက်ဆိုင်အတွင်းက မီးဖိုချောင်လိုမျိုး၊ လမ်းပြင်နေတာမျိုး၊ စသဖြင့် ရှာရိုက်ရပါတယ်။
သင်တန်းသားအားလုံး ကွင်းဆင်းရိုက်တယ်ဆိုပေမယ့် အယ်ဒီတာနဲ့အထက်အဆင့်ဆရာသမားတွေ၊ ဆရာမကြီးတွေကတော့ကွင်းထဲမဆင်းကြပါဘူး။ တခြားအလုပ်တွေရှုပ်နေသလိုလို၊ လေးဖက်နာရော ဂါဖြစ်နေသလိုလိုနဲ့ဆင်ခြေပေးတော့ ကျနော်၊ မခင်နှင်းထက်၊ မအေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ ၄ ဦးပဲ ကွင်းထဲရောက်လာပါတယ်။ တခြားလူတွေ ဘယ်နေရကိုရွေးရိုက်မှန်းမမှတ်မိတော့ပေမဲ့ မအေးအေးမွန်ကတော့ အော်စလိုစီ (Oslo City) က ဆံပင်ညှပ်ဆိုင်မှာရိုက်နေတာ ကျနော်နဲ့သွားတိုးပါတယ်။
တိုးဆို ကျနော်ကလဲ ဘယ်နားရိုက်ရမှန်းမသိတာနဲ့ အော်စလိုစီးတီးက တရုတ်ဆိုင် စားဖိုခန်းထဲဝင်ရိုက်မလား ဆိုပြီးလာစဉ် သူနဲ့တိုးတာပါ။ တကယ်က စားသောက်ဆိုင်တွေဟာ အပြင်စားပွဲပေါ်က စားတာသောက်တာကို ရိုက်ခွင့် ပြုလေ့ရှိပေမဲ့ ဆိုင်နောက်ဖေး မီးဖိုချောင်ကို ရိုက်ခွင့်ပေးလေ့မရှိဘူးလို့သိရပါတယ်။ ဒီတော့ တကယ်ပြဖို့ မဟုတ်ဘူး။ လေ့ကျင့်ခန်းအတွက် သက်သက်ရိုက်တာပါဆိုပြီး မနည်းတောင်းပန်မှ ရိုက်ခွင့်ရပါတယ်။ ကြက်သွန်လှီးတာ၊ ဟင်းသီးဟင်းရွက်တွေကို တရွှင့်ရွှင့်လှီးနေတာ၊ အကျော်အိုးထဲက ဆီပူထဲ အသားတွေ၊ ဟင်းရွက်တွေထည့်လိုက်လို့ အငွေ့တွေထွက်လာ၊ အသံတွေမြည်လာတဲ့ပုံမျိုးဆို ကျနော်ဆရာက သိပ်ကြိုက်ပေါ့။
၃ မီနစ်စာ စတိုရီတခုအတွက် ၃ နာရီစာရိုက်မိခြင်း 
အဲဒီလို ရိုက်ကွက်လေ့ကျင့်ခန်းပြီးလို့ နောက်ဆုံးရက်မှာတော့ ၃ မီနစ်စာ စတိုရီတခုစီ လုပ်ရမယ်လို့ ဆရာက တာဝန်ပေးပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ ၄ ဦးပဲ ခရီးထွက်ရပြန်ပေါ့။ စတိုရီလုပ်မယ်ဆိုတော့ နော်ဝေး စကားလဲမတတ်၊ အင်္ဂလိပ်လိုပြောရင်လဲ ဘာသာပြန်ပြီး ပြန်ထည့်ရလို့ အလုပ်ကရှုပ်ဦးမယ်။ ဒီတော့ အလွယ်လိုက်လေ့ရှိတဲ့ မြန်မာသတင်းထောက်ပီသစွာနဲ့ မြန်မာတွေကိုမေးပြီး စတိုရီလုပ်မယ်လို့ အားလုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဆရာက ပထမ ပိုင်း တော့သဘောမတူပါဘူး။ နော်ဝေးတွေကိုပဲမေးပြီးလုပ်ပါလို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူကလက်ခံလိုက်ပါတယ်။



တခြား ၃ ဦး ဘယ်နေရာတွေကိုသွားမှန်းကျနော်မမှတ်မိတော့ပေမဲ့ ကျနော်ကတော့ နော်ဝေးကိုရောက်ကာစ မြန်မာသံဃာင်္တော် ၂ ပါးရဲ့ ဘ၀ကို စတိုရီလုပ်ဖို့ရွေးချယ်ပြီး အော်စလိုနဲ့ မိုင် ၅၀ လောက်ဝေးတဲ့ ဆွန်ရဆန်မြို့လေး ဆီခရီးထွက်လာပါတယ်။ မာနယ်ပလောအခြေစိုက် ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ အရှင်ဝိသုတ္တနဲ့  အရှင်ဝဏ္ဏ သီရီတို့ ဟာ ကုလမသဂ္ဂ ဒုက္ခသည်အစီစဉ်နဲ့နော်ဝေးနိုင်ငံကိုရောက်လာကြတာ ဖြစ်ပြီး အားလုံးနည်းတူ နော်ဝေးစာ သင်တန်းတက်နေရပါတယ်။
သံဃာင်္တော်တွေဆိုပေမဲ့ မြန်မာနိုင်ငံမှာလို ကျောင်းတွေဘာတွေနဲ့သီတင်းသုံးနေရတာမျိုးမဟုတ်။ ဒုက္ခသည်ခွဲ တန်းကျ နေအိမ်တလုံးမှာ အခြားဒုက္ခသည်တွေနည်းတူ ဖြစ်သလိုနေနေရပါတယ်။ သူတို့အိမ် ခန်း (မြန်မာတွေကတော့ ဘုန်းကြီးကျောင်းလို့ခေါ်ကြပါတယ်) ဆီ ကျနော်ရောက်သွားတော့ ည ၈ နာရီလောက်ရှိနေပြီ။ ဇူလိုင်လဆိုတော့ နေသာနေတုန်း။ မြန်မာတွေရဲ့ထုံးစံအတိုင်း မင်းက ဘာပုံရိုက်ချင်လဲ။ ငါတို့က ဘယ်လိုသရုပ် ဆောင်ပေးရမလဲဆိုပြီး မေးတော့တာပါပဲ။
သရုပ်မဆောင်ပါနဲ့။ ရှင်ဘုရားတို့ပုံမှန်လုပ်နေကြအတိုင်းသာ လုပ်ပါ။ အဲဒါတွေကို တပည့်တော်ကမှတ်တန်းတင် မှာ ဆိုတော့ ညနေပိုင်း ဘုရားရှိခိုးခြင်းအလုပ်ကို သူတို့ ၂ ပါးက အရင်ဆုံးလုပ်ပါတယ်။ ဒါမျိုးနေ့စဉ်လုပ်သလား။ ကျနော်ရိုက်မယ်ဆိုလို့ လုပ်ပြတာလားတော့ ကျနော်လဲမသိပါ။ ပုံရဖို့က အဓိကဆိုတော့ သူတို့လုပ်သမျှရိုက် ပေတော့ပေါ့။ ဘုရားရှိခိုးပြီးတော့ မာနယ်ပုလောက ဓာတ်ပုံတွေ၊ အော်စလိုရောက်ပြီးမှ ပါလီမန်ရှေ့ဆန္ဒပြတဲ့ ပုံ တွေကိုသံဃာင်္တွေကထုတ်ပြပါတယ်။
ဒီညအတွက်တော့ ရိုက်ကွက်ကဒီလာက်ပါပဲ။ မနက် အိပ်ရာနိုးပြီး သွားတိုက်တဲ့အချိန်၊ မျက်နှာသစ်တဲ့အချိန် ကျမှ ဆက်ရိုက်မယ်ဆိုပြီး အိပ်ရာဝင်လိုက်ပါတယ်။ မောမောနဲအိပ်ပျော်သွားတာ သံဃာင်္တော်တွေ ဘယ်အချိန် မျက်နှာ သစ်၊ သွားတိုက်လိုက်မှန်းမသိလိုက်ပါ။ ကျနော်အိပ်ရာကနိုးတော့ ဆရာတော်အကြီးက ထမင်း (ဆွမ်း) ချက်နေပြီ။ အဲဒါမှ ဒုက္ခ။ ကျနော့်ဆရာက သွားတိုက်တဲ့ရိုက်ကွက်ကို မရ ရအောင်ရိုက်ဖို့ပြေထားတာ။ (ခုနက ကြက်သွန်လှီးတဲ့ အကွက်လိုပဲ သွားတိုက်တဲ့အကွက်ကိုလဲ ဆရာကသိပ်ကြိက်ပါတယ်)။
ဒါပေမယ့် မြန်မာသတင်းထောက် ကျနော့်အတွက်ကတော့ သံဃ်ာတော်တပါး မနက်စောစောထပြီး ကိုယ့်ဘာသာ ထမင်းချက်နေရတဲ့ဘ၀ဟာ တကယ့်ထူးခြားချက်ပါပဲ။ ဒီလိုမျိုးရိုက်ကွက် မြန်မာနိုင်ငံမှာ ဘယ်ရနိုင်ပါ့မလဲ။ ဒါပေ မယ့်ဆွမ်းချက်တဲ့အချိန်က မနက် ၅ နာရီလောက်ပဲရှိသေးပြီး ကျောင်းသွားမဲ့အချိန်က ၇ နာရီဆိုတော့ တရေး လောက် ပြန်မှေးလို့ရသေးတယ်ဆိုပြီး ဆရာတော်ကမိန့်ပါတယ်။
မှေးကနည်းဖြစ်ပြီး ပြန်နိုးလာတော့ ဆရာတော်ကြီးက မရှိတော့ဘူး။ စာသင်ကျောင်းသွားဖို့ထွက်သွားပြီလို့ ဆရာတော်ငယ်ကမိန့်ပါတယ်။ အဲဒါမှ ဒုက္ခ။ ဒီအကွက်ကိုအလွတ်ခံလို့ဘယ်ဖြစ်မလဲ။ စာသင် ကျောင်းနား ရောက်ခါနီးနေပြီဖြစ်တဲ့ ဆရာတော်နောက်ကိုအမှီပြေးလိုက်ပြီး ဘုန်းကြီးကျောင်းဆီ ပြန်ပင့်၊ ကျောင်းပေါ်မှာ ဆွမ်းဂျိုင့်ထည့်တဲ့အခန်း၊ (ကျောင်းမှာနေ့ လည်စာ စားဖို့ ထမင်းချိုင့်ထည့်တာ) ကျောင်းပေါ်ကနေ ဆင်းလာတဲ့ အခန်း၊ ကားလမ်းဘေးတလျောက်လမ်းေ လျာက်တဲ့ အခန်းတွေကို ပြန်ရိုက်ရပါတယ်။ မြန်မာတဦးလိုစဉ်းစား ရင်တော့ ငရဲကြီးမလား မသိပါဘူး။ ဘာကြောင့်လဲဆို သူကိစ္စနဲ့သူ သွားနေတဲ့ သံဃာင်္တော်ကို၊ ခြေတောက်လည်း နာနေတဲ့ သံဃာင်္တော်ကို ၂ ကြိမ်လောက်လမ်းလျောက်ခိုင်းပြီး ကိုယ်လိုချင်တဲ့ ပုံအတိုင်း ဘာလုပ်ပေးပါ။ ညာ လုပ်ပေး ပါဆိုပြီး သွားခိုင်းမိတာကိုး။
ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက နာရီဝက်နီးပါးလမ်းလျောက်ရပါတယ်။ ဆရာတော်က ခြေတောက် သိပ် သန်တာမဟုတ်။ ဆောင်းတွင်းဆိုရင်တော့ ဒုက္ခပဲ။ စာသင်ခန်းထဲရောက်တော့ ထိုင်းမ ၃ ဦးနဲ့ ဆရာတော် ၂ ပါး က တတန်းတည်း။ နော်ဝေးဆရာမကလဲ သံဃာင်္တော်တွေဆိုပြီး ရိုသေရကောင်းမှန်းသိတာ မဟုတ်။ တကယ်ဆို ဆရာက ကျောင်းသားကို ရိုသေစရာဘယ်လိုပါ့မလဲ။ သာမန်ကျောင်းသား တွေလိုပဲသဘောထားပြီး ဆက်ဆံ တာပေါ့။ ဒီလိုနဲ့ ၃ မီနစ်ခွဲစာ စတိုရီတခုရဖို့အတွက် မီနစ် ၆၀ စာ တိတ်ခွေနှစ်ခွေ ကျော် ရိုက်ခဲ့မိတယ်ဆိုပါတော့။
‘’VJ သတင်းထောက်လုပ်မှာလား၊ Amanpour လုပ်မှာလား’’
တကယ်ဆို ဒီသင်တန်းက ကင်မရာသဘေတရားကို ၁၄ ရက်နဲ့အပြီး လက်ပူတိုက် သင်လိုက်တဲ့ အလုပ်ဖြစ်ရုံ သင်တန်းလေးပါ။ ဒါပေမယ့် တခြားရွေးစရာလူလဲမရှိတော့ DVB မှာ ကျနော်တို့က လူတတ်ကြီးတွေဖြစ်လို့။ ပြည်တွင်းသတင်းထောက်တွေ၊ နယ်စပ်သတင်းထောက်တွေ (ကိုသင်းကိုကိုတို့လက်ထက်က မွေးထားတဲ့ လူ တွေထင်ပါတယ်) ပို့လာသမျှသတင်းတွေကို တည်းဖြတ်ထုတ်လွှင့်ပေါ့။ ကံကောင်းတာကတော့ အဲဒီအချိန်အထိ နေ့စဉ်လွှင့်ဖို့စိတ်ကူးမရှိသေးပဲ တပတ်တကြိမ် မီနစ် ၃၀ စာလောက်ပဲ ခြေနိုင်လက်နိုင်လွှင့်ကြပါတယ်။



အဲဒီလိုလွှင့်ပြီး တလလောက်အကြာမှာတော့ BBC နိုင်ငံတကာ TV ဌာနမှ ဆရာကြီး ၂ ဦးရောက်လာပါတယ်။ ရောက်လာတယ်ဆိုတာ DVB-TV တိုးတက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး အကြံညဏ်တောင်းဖို့ သူတို့ ကိုဖိတ်လိုက်တာပါ။ အဓိကအကြံပေးချက်ကတော့ ရုပ်သံ ကို ဒီတိုင်းလွှင့်နေမဲ့အစား ပရီစန်တာ ပုံနဲ့ ထည့်လွှင့်ဖို့၊ စတူဒီယိုဆောက်ဖို့ဖြစ်ပါတယ်။ 
သူတို့ ၂ ဦး ပထမ ရွေးလိုက်တဲ့ ပရီစန်တာ ၂ ဦးက မအေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ဖြစ်ပါတယ်။ အဲဒီကာလ က တပတ်မှ တကြိမ်လွှင့်တာဆိုတော့ ၂ ယောက်ဆို အတော်အိုကေနေပြီပေါ့။ ဒါပေမယ့် လိုလို မယ်မယ် ကျန်တဲ့လူတွေလဲ အကုန်ဝင်သရုပ်ဆောင်ကြည့်ပါ။ (ပရီစန်တာအဖြစ် ကင်မရာရှေ့ထိုင်ပြီး သတင်းဖတ်ကြည့် ပါ) ဆိုတော့ ကျနော်လဲ ၀င်ရတာပေါ့။ ဒါပေမယ့် မလွယ်ပါဘူး။ ကင်မရာနောက်ကနေပြီး ခလုပ်နှိပ်ရတဲ့အလုပ်နဲ့ ကင်မရာရှေ့မှာထိုင်ပြီး သူများခလုပ်နှိပ်တာကိုခံရတဲ့ တာဝန်ချင်းက အတော့်ကို မတူပါဘူး။
နောက်တချက်ထူးခြားတာက ကင်မရာနောက်မှာလုပ်ရတဲ့၊ လူမြင်ကွင်းပေါ်မတက်ရတဲ့ သတင်းလုပ်ငန်းတွေ အားလုံး အတွက် နှစ်ရှည်လများမဟုတ်ရင်တောင် အနည်းဆုံး သတင်း ၂ ပတ်ခန့်တော့ လေ့ကျင့်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် အခု ကင်မရာရှေ့ကိုတကယ်ထွက်ပြီ ပရီစန်လုပ်မယ်လည်းပြင်ရော၊ ဒီအတွက် သင်တန်းက မရှိ။ ဒါက အခုမှ စဉ်းစားမိတာပါ။ အဲဒီတုန်းကတော့ ဘ၀င်က နည်းနည်းလေဟပ်နေတာဆိုတော့ ဒီလောက်ကတော့ ဖြစ်ပါ တယ်ဆိုပြီး ကင်မရာရှေ့ဝင်ထိုင်လိုက်တာပါပဲ။ ဒါ ကျနော်တဦးတည်းလားဆိုတော့ မဟုတ်ဘူး။ DVB-TV က လူတွေ အားလုံး တယောက်မှ ကင်မရာရှေ့ထိုင် စကားပြောနည်း။ ပရီစန်တာလုပ်နည်း သင်တန်းမတက်ဖူးကြပါ။
ဒါပေမယ့် တချို့လူတွေကတော့ သရုပ်ဆောင်ပညာအခံရှိလို့လားမသိပါဘူး။ ဘာမှသင်စရာမလိုပဲနဲ့ သူအလိုလို အိုကေ နေပါတယ်။ ဥပမာ DVB-TV ရဲ့ နာမည်ကြီး (ကျနော်ဆွဲဖွင့်မိသောတံခါးများ) အစီစဉ်မှုးဖြစ်တဲ့ ကိုနေဇော် နိုင်ဆိုရင် ကင်မရာရှေ့မှာပြောနေတာ တကယ်အသက်ဝင်လို့။ ကျန်တဲ့လူတွေလဲ မဆိုးပါဘူး။ ဒါပေမယ့် ကျနော့် အလှည့်ကတော့ တောင့်တောင့်ကြီးနဲ့၊ အထူးသဖြင့် လက်နှစ်ဖက်ကို ဘယ်လိုထားရမှန်းမသိ။ သတင်းစာရွက်ကို ခပ်တင်းတင်းကိုင်ပြီးဖတ်လိုက်တော့ စစ်တပ်ပိုင် TV က စစ်သားတဦး အနောက်တိုင်းဝတ်စုံပြောင်းဝတ်ပြီး သတိ ဆွဲ သတင်းဖတ်သလို ဖြစ်နေခဲ့ပါရော့လား။ 
နောက်ပိုင်း VJ သင်တန်းပေးတဲ့ အမေရိကန်ဆရာနဲ့တွေ့လို့အခြေနေတွေကိုပြောပြတော့ ‘’မင်းက VJ သတင်း ထောက်လုပ်မှာလား၊ Amanpour လုပ်မှာလား’’ (CNN မှ နည်မည်အကြီးဆုံး ပရီစန်တာ Christiane Amanpour ကိုဆိုလို) ဆိုပြီး ကျနော်ကိုမေးခွန်းထုတ်ပါတယ်။ သူပြောမှပဲ ကျနော်တို့ DVB က လူတွေဟာ တခုခုကို အပီ အပြင်လေ့ကျင့်မထားပဲ အားလုံးကို နည်းနည်းစီတတ်တဲ့နည်းနဲ့ခရီးဆက်နေသလားဆိုပြီး စဉ်းစားမိပါတယ်။ ကျနော်ကသာ အဲဒီလိုစဉ်းစားနေ တာ။ အဲဒီကာလ (အခုချိန်ထိလဲ ဖြစ်နေနိုင်ပါတယ်) DVB ညွန်မှုးတွေရဲ့ ညွန်ကြားချက်ကတော့ All in One၊ တဦးတည်းနဲ့ အားလုံးကိုလုပ်တတ်ရမယ်။ သတင်းထာက်အားလုံးဟာ ကွန်မန်ဒိုတွေဖြစ်ရမယ်ဆိုတာပါပဲ။

ဒီတော့ ကိုယ့်ပုံက ကင်မရာရှေ့မှာ သေသေကြီးနဲ့ဖြစ်နေမှန်းသိရဲ့နဲ့ ငြင်းပယ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ငြင်းလိုက်ရင် ကိုစိုးဝင်းညိုလို အလုပ်ထုတ်ခံရမလားမသိပါဘူး။ ဒါပေမယ့် တဖက်ကလဲ ကင်မရာရှေ့မှာ အဲဒီလို စာဖတ်ခွင့်ရ တာကို ကျေနပ်သလိုလို ရှိနေတယ်၊ မြန်မာနိုင်ငံကလူတွေက ကိုယ့်ကိုပိုသိလာတဲ့အတွက် ညွန်မှုးတွေကို တောင် ကျေးဇူးတင်ရမလိုလိုဖြစ်စေခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကာလတခုမှာ ‘’All in One၊ တဦးတည်းနဲ့ အားလုံးကိုလုပ်တတ်ရမယ်။ သတင်းထာက်အားလုံးဟာ ကွန်မန်ဒိုတွေဖြစ်ရမယ်’’ ဆိုတာမှန်ပေမဲ့ အမြဲတန်းအတွက်တော့ မဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာတာဝန် တခုချင်းစီအတွက် အသေချာလေ့ကျင့်ပြင်ဆင်ပေး ထားသင့်တယ်လို့ ထင်မြင်မိ ပါတယ်။

ထက်အောင်ကျော် 







တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၄) တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၄) Reviewed by သစ်ထူးလွင် on 20:19 Rating: 5
Powered by Blogger.