တောင်သူလယ်သမားအရေး ဒို့အရေး

စီးပွားကူးသန်း ၀န်ကြီးဌာနနဲ့ ဆန်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီးတော့ နိုင်ငံတော်ရဲ့ အရန်ဆန်နဲ့ တပ်မတော်အတွက် ရိက္ခာဆန် တွေကို စပါးဈေး သုံးသိန်းငါးသောင်း (တင်းတရာဈေး) ပေးဝယ်ပြီး ကြိတ်ခွဲ သွားမယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ လယ်သမားတွေ အတွက်တော့ မင်္ဂလာ သတင်းနဲ့ အသက်ရှူ ချောင်သွားစေတဲ့ သတင်းပါပဲ။

စပါးဈေးက ပေါ်ဦးပေါ်ဖျားရှိပါသေးတယ်။ ဈေးက သုံးသိန်းသုံး သောင်းထိ ထိုးဆင်းသွားတယ်။ မနှစ်က ဈေး လေးသိန်းငါးသောင်းပါ။ နိုဝင်ဘာလကုန်ပိုင်း စပါးလှိုင်လှိုင်ပေါ်ရင် စပါးဈေး သုံးသိန်းအောက် ကျဆင်းသွားမှာကို လယ်သမားတွေ စိုးရိမ်ပူပန်နေကြတယ်။ ဘာလို့လဲဆိုတော့ စပါးဈေး သုံးသိန်းအောက် ကျဆင်းသွားရင် လယ်သမားတွေ အတွက် အရှုံးပေါ်ကြမှာမို့ပါပဲ။

ပြီးတော့ နွေစပါးလုပ်ကိုင်ဖို့ကိုလည်း ကြောက်ရွံ့နေကြပါတယ်။ နွေစပါးက မိုးစပါးနဲ့ နှိုင်းယှဉ်ရင် ရေသွင်းစရိတ်ကုန်ကျငွေ ထပ်ဆောင်းရပါ တယ်။ စပါးက လက်ရှိဈေး (သို့မဟုတ်) လက်ရှိဈေးထက် နိမ့်ဆင်းသွား ရင် အကြွေးက ပိုမိုမြင့်တက်လာမှာ။ အစိုးရဆီက ချေးငွေကလည်း သတ်မှတ်ကာလမှာ ပေးဆပ်ကြရတာပါ။ ဆိုင်းငံ့မထားပါဘူး။ မနှစ်ကဆို လယ်သမားတွေ အရှုံးပေါ်လို့ ကျွဲရောင်း၊ နွားရောင်းပြီး ပေးဆပ်ခဲ့ရပါတယ်။ ဒီနှစ် ရေဒိုး၊ တန့်ဆည်၊ ဒီပဲယင်းနယ်တ၀ိုက်က မိုးကောင်းလယ် (ဆည်ရေ၊ မြစ်ရေမရှိဘဲ မိုးကိုသာ အားထားပြီး စိုက်ရတဲ့လယ်)တွေမှာ မိုးခေါင်လို့ စပါးနှံတွေ မထွက်နိုင်ဘဲ မြက်တောကြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီမှာ လယ်သမားတွေအနေနဲ့ အစိုးရချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်ကြရပါပြီ။ ဒီတခါမှာတောာ့ အစိုးရကလည်း အမှန်တကယ် ကျပ်တည်းမှုဖြစ်တယ်ဆိုရင် ချေးငွေကို ဆိုင်းငံ့ပေးမယ်လို့ ဆိုပါတယ်။
အမှန်က အစိုးရအနေနဲ့ တောင်သူ၊ လယ်သမားတွေ နေထိုင်ကြတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးစေချင်တယ်။ ဆင်းရဲမွဲတေမှု လျော့နည်းစေချင် တယ်ဆိုရင်တော့ တောင်သူလယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေကို အခု စပါးဝယ်ယူသလို သင့်တင့်လျှောက်ပတ်တဲ့ဈေးနဲ့ ၀ယ်ယူ အားပေးကြဖို့ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၃) ပုဒ်မခွဲ (ခ)မှာ “စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတ သည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်”လို့ အတိအလင်း ပြဋ္ဌာန်းထား တယ် မဟုတ်ပါလား။

ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြပါရစေ။ တနှစ်မှာ ခင်မွန်ရွာက တောင်သူတွေ ပဲတီစိမ်းစိုက်ပျိုးကြတာ အောင်မြင်ဖြစ်ထွန်း ကြပါတယ်။ ဈေးကောင်းလည်းရလို့ စီးပွားရေးလည်း အဆင်ပြေသွားကြ ပါတယ်။ ၀န်းကျင်ရွာတွေက ခင်မွန်ရွာသားတွေ ကျောက်စိမ်းအောင်သွား ကြတယ်လို့ ဆိုစမှတ်ပြုကြတယ်။ နောက်နှစ်မှာ ကျွန်တော်တို့ နယ်တရိုး ပဲတီစိမ်းကိုပဲ အားထားစိုက်ပျိုးကြတယ်။ မျိုးကလည်း အထွက်တိုးမျိုးပါ။ ရေကလည်း ချောင်းရေ၊ စက်တွင်းရေတွေရှိတာမို့ အဆင်ပြေပါတယ်။ ပိုးသတ်ဆေးလည်း လိုအပ်တဲ့အချိန်မှာ အသုံးပြုပေးကြပါတယ်။

ကျွန်တော်တို့တောင်သူတွေဘက်ကတော့ ၀ိရိယအား၊ လုံ့လအား ပြည့်စုံအောင် စိုက်ထုတ်ကြတာပါ။ စိုက်ထုတ်ကြသလို အောင်မြင်ဖြစ်ထွန်းကြတော့ ပျော်ရွှင်ကြတာပေါ့လေ။ သားရှင်ပြုမယ်၊ အိမ်ပြုပြင်ဆောက်မယ်။ နွားကောင်းကောင်း ၀ယ်ကိုင်မယ် စသည်ဖြင့် စိတ်ကူးတွေလည်း တလှေကြီး ယဉ်လိုက်ကြတာပါ။ ဒါပေမဲ့ ပဲတီစိမ်းဈေးက မနှစ်ကဈေးနဲ့ နှိုင်းယှဉ်လိုက်ရင် ခေါက်ချိုး (တ၀က်)ဈေးတောင် မရရှိကြပါဘူး။ ဘာလို့ အဲဒီလို ဖြစ်ကြရတာလဲ။ မနှစ်က တရုတ်ပြည်က ၀ယ်လို့ဈေးကောင်းရတာ ပါတဲ့။ ဒီနှစ် တရုတ်ပြည်က မ၀ယ်တော့ဈေးက တိုးဆင်းကျသွားတာတဲ့။ ရလဒ်ကတော့ ကျွန်တော်တို့ တောင်သူတွေ ကုန်ကျစရိတ်နဲ့ မကာမိလို့ ကြွေးတင်ကုန်ကြတာပါပဲ။

နောက် ထိုင်ဝမ် ခရမ်းချဉ်သီးလို့ခေါ်ကြတဲ့ တိုင်ထောင် ခရမ်းချဉ်သီးပါ။ ချောင်းဦးမြို့နယ် ဘူတာရွာက တောင်သူအစစ်အမှန်တယောက်၊ အစိုးရ အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ လေ့လာ သင်ကြားရေးလိုက်ခွင့်ရခဲ့ပါတယ်။ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပေါ် ပေါက်ခဲ့တယ်။ သူ့ကြောင့် သခွားမွှေးစိုက်နည်း၊ ကြက်ဟင်းခါးသီး၊ ကင်းမုံ သီး၊ ထိုင်ဝမ်ခရမ်းချဉ်သီး စိုက်ပျိုးနည်းတွေ ကျွန်တော့်နယ်မှာ ကျယ်ပြန့် ထွန်းကားခဲ့တယ်။ ကျွန်တော်တို့ ကြေးမုံရွာက ကိုသောင်းထွန်းတယောက် သူများဆီက မြေတမတ် (ဒသမ ၂၅ ဧက)လောက် မြေအနှီးပေးပြီး စမ်းသပ်စိုက်ပျိုးပါတယ်။

ကျွန်တော်တို့ ရိုးရာခရမ်းချဉ်က တဧက စိုက်ပျိုးမှ ပိဿာချိန် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ထွက်ရှိတာပါ။ ကုန်ကျစရိတ်ကလည်း ကိုယ်တိုင်ပျိုးစိုက်မယ်ဆိုရင် စိုက်စရိတ်နဲ့ ပေါင်းပေါက်စရိတ်လောက်သာ ကုန်ကျပါတယ်။ ကိုသောင်းထွန်းရဲ့ ထိုင်ဝမ်ခရမ်းချဉ်က (ဒသမ ၂၅ ဧက) လောက် စိုက်ပျိုးတာကို ကျပ်လေးသိန်းလောက် ကုန်ကျတယ်။ သမ်္မတကြီးက ငွေ (၃) သိန်းယူတာကို လာဘ်ပေးလာဘ်ယူ မသတ်မှတ်ပေ မယ့် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ငွေ (၄) သိန်း မတည်ငွေဟာ တနင့်တပိုး ရင်းနှီးငွေပါ။

ထိုင်ဝမ်ခရမ်းချဉ်ရဲ့ ထွက်နှုန်းကလည်း မယုံကြည်နိုင်လောက်ပါ။ ဒသမ ၂၅ ဧက စိုက်ခင်းလေးက ခရမ်းချဉ်သီး ပိဿာချိန် ငါးရာကျော် ထွက်ရှိတယ်။ ဈေးကလည်း တပိဿာ ခုနစ်ရာ၊ ရှစ်ရာ။ အနိမ့်ဆုံးဈေး ငါးရာ။ ခရမ်းချဉ်သီးဖိုး သိန်းနှစ်ဆယ့်ငါး၊ သုံးဆယ် ရရှိလိုက်တော့ ကိုသောင်းထွန်းတယောက် တရုတ်ဆိုင်ကယ် တရှဲရှဲစီးနိုင်ပြီပေါ့။ နောက် နှစ်ကျ ကားဝယ်စီးနိုင်အောင် ခရမ်းချဉ် တဧကလောက် စိုက်ပျိုးမယ်လို့ ကြုံးဝါးနေလေရဲ့။
ကိုသောင်းထွန်းကို အားကျပြီး နောက်နှစ်မှာတော့ ကျွန်တော်တို့ နယ်တလွှား ခရမ်းချဉ်စိုက်လိုက်ကြတာပါ။ ဘယ်ကြည့်လိုက် ကြည့်လိုက် ၀ါးလုံးသေး ကုံးလေးတွေ အစီအရီမြင်ရတယ်။ မျိုးစေ့ဖိုးကလည်း ဈေး ကောင်းလိုက်တာပါ။ နို့ဆီတဘူးကို သိန်းချီပေးရတယ်။ ဆေးကလည်း အပတ်စဉ်လို ဖြန်းနေရတယ်။ စရိတ်စကလည်းကြီးပါဘိ။ ခရမ်းချဉ်ကလည်း ဖြစ်လိုက်တာပါ။ သီးလိုက်တာကလည်းကိုင်းကျိုးကျမသွားအောင် ဂရုတစိုက်နဲ့ ထောက်အသေးလေးတွေ ထောက်ပေးနေရတယ်။ ဒီနှစ်မှာတော့ ထိုနယ်တလွှားမြေကြီးက ရွှေသီးကြပြီပေါ့။

ဒါပေမဲ့ ရာသီအစမှာကတည်းက ခရမ်းချဉ်ဈေးနှုန်းက သိမ်မွေ့လှတယ်။ တပိဿာမှ တရာကျပ်။ တို့နယ်တလွှားမှာ ခရမ်းချဉ်တွေ လှိုင် လှိုင်စိုက်ပျိုးကြတာကို ခရမ်းချဉ်ပွဲစား၊ ကုန်သည်တွေ ကြိုတင်ပြီးများ သိနေကြလေရော့သလား။ နောက် ဈေးက တရာကနေ ခုနစ်ဆယ်၊ ခုနစ်ဆယ်ကနေ ငါးဆယ် တဖြုတ်ဖြုတ်နဲ့ ကျဆင်းလာလိုက်တာ နောက်ဆုံး တပိဿာ ငါးကျပ်ဈေးထိ ရောက်သွားတော့တယ်။ ခရမ်းချဉ် ပိဿာ နှစ်ရာရမှ ငွေတထောင်ကျပ်သာရတော့တာလေ။ ဆွတ်ခ အလုပ်သမားစရိတ်တောင် မကာမိတော့ မဆွတ်တော့ဘဲ ဒီတိုင်းပစ်ထားလိုက်ကြ တော့တယ်။
အစပိုင်းတုန်းက နွားတွေကိုဆွတ်ပြီးကျွေးကြသေးတယ်။ နွားကလည်း ခရမ်းချဉ်ဆို ကြိုက်မှကြိုက်။ စားလိုက်ကြတာ နွားပိန်၊ နွားခြောက်တောင် ၀ဖီးပြီး စိုပြေလာတော့တယ်။ ဒါပေမဲ့ တပတ်လောက်ကြာလာတော့ သွားတွေကျိန်းလာတယ် ထင်ပါရဲ့ဗျာ။ နွားတွေက မစားကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့နယ်မှာ ခရမ်းချဉ်သီးကို ခရမ်းချဉ်သီးလို့ မခေါ်တော့ဘူး။ ဘယ်လိုခေါ်ကြလည်းသိလား ““နွားမုန်းသီး””တဲ့လေ။

ဘာဖြစ်ကုန်ကြသလဲဆိုတော့ တနယ်လုံး အကြွေးပင်လယ်ကြီး ဖုံးလွှမ်းခံလိုက်ရတာပေါ့။ ကားဝယ်စီးမယ့် ကိုသောင်းထွန်းလည်း မနှစ်က ၀ယ်ထားတဲ့ ဆိုင်ကယ်လေးရောင်းပြီး ကြွေးထိုးဆပ်ရတာပေါ့။ ဒီဖြစ်ရပ်တွေက ကျွန်တော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေပါ။ ဇာတ်လမ်းဆင်ပြီး ၀တ္ထု ရေးပြနေတာ မဟုတ်ပါဘူး။

အမှန်က ပဲတီစိမ်းကို တရုတ်ပြည်က ၀ယ်လို့ဈေးတက်တယ်။ မ၀ယ်တော့ ဈေးကျတယ်။ အဲဒီလို အဖြစ်မျိုး မဖြစ်သင့်ဘူး။ အစိုးရ အနေနဲ့ ၀င်ရောက်ထိန်းပေးသင့်တယ်။ အခု စပါးဈေး ကျဆင်းနေတာလည်း တရုတ်ပြည်က ဆန်မ၀ယ်တော့လို့ ကျဆင်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ထိုင်ဝမ်ခရမ်းချဉ်ဆိုတာ ကျွန်တော်တို့ ရိုးရာခရမ်းချဉ် လို တရက်၊ နှစ်ရက်နဲ့ အရည်ပျော်ပြဲသွားတာ မဟုတ်ပါဘူး။ တပတ် ဆယ်ရက်လောက်ခံနိုင်ရည်ရှိတဲ့ အမျိုးအစားပါ။

ဆိုလိုချင်တာက ခရမ်းချဉ်က ပြည်တွင်းဈေးကွက်သာရှိပြီး စိုက်ပျိုးတဲ့အား များပြားတော့ ဈေးကွက်ပြိုဆင်းသွားရတာ ဖြစ်တယ်။ အခုလည်း ဧပြီလလောက်က (၄၅၀)ကျပ်ရှိတဲ့ ကြက်သွန်တွေဟာ (၁၇၅)ကျပ် ဈေးလောက်သာရှိတော့တာမို့ ကြက်သွန်စိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေကြတယ်။ အဲဒီမှာ အစိုးရအနေနဲ့ ပြည်တွင်းကုန်သည်တွေကို နိုင်ငံတကာဈေးကွက် ၀င်ဆံ့အောင် မကူညီနိုင်ဘူးလား၊ မပံ့ပိုးနိုင်ဘူးလား။ အစိုးရအနေနဲ့ နိုင်ငံရပ်ခြားဈေးကွက်ရရှိအောင် ပံ့ပိုးပေးသင့်တယ်။ ကူညီပေးသင့်တယ်လို့ ဆိုလိုချင်တာပါ။

ဒီနေ့ ကမ္ဘာ့ဒီမိုကရေစီမှာ သက်ဆိုင်ရာနိုင်ငံရဲ့ လူအများစုအတွက် ဒီမိုကရေစီဖော်ဆောင်နိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်တယ်လို့ ပြောဆို သတ်မှတ်နေကြပါပြီ။ ဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လူအများစုဟာ ဘယ်သူတွေပါလဲ။ တောင်သူလယ်သမားတွေပါ။ တောင်သူလယ်သမားတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်နိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပါလိမ့်မယ်။

အမှန်တကယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကျေးလက်ဆင်းရဲမှုလျော့ပါးစေချင်တယ်ဆိုရင် တခြားနိုင်ငံက ငွေတိုး နည်းနည်းနဲ့ ချေးယူပြီး တောင်သူလယ်သမားတွေကို အတိုးနဲ့ပြန်ချေးနေစရာလည်း မလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃)၊ ပုဒ်မခွဲ (ခ)ပါအတိုင်း “စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်””ဆိုတဲ့ ပြဋ္ဌာန်း ချက်ကို အတိအကျလိုက်နာ ဆောင်ရွက်ကြသင့်ကြောင်းပါ”။

ဒါ့အပြင် “တောင်သူလယ်သမားအရေး ဒို့အရေး””လို့လည်း ခံယူသဘောထားပြီး ဆောင်ရွက်သွားကြဖို့ပါ။

ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


တောင်သူလယ်သမားအရေး ဒို့အရေး တောင်သူလယ်သမားအရေး ဒို့အရေး Reviewed by သစ်ထူးလွင် on 17:23 Rating: 5
Powered by Blogger.