အမျိုးသား ပညာရေး ဥပဒေ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို မန္တလေးတိုင်း ရှိ တက္ကသိုလ်တွေ အတွင်း ကျင်းပခွင့် ရရှိရေး အတွက် စီစဉ်ပေးရန် သက်ဆိုင်ရာ ပါမောက္ခချုပ်တွေက သဘောတူ ခဲ့ကြောင်း သိရပါတယ်။
ရတနာပုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ငါးဦး နဲ့ မန္တလေး တက္ကသိုလ် ငါးခုကပါမောက္ခချုပ်တွေ ကံတက်ကုန်း မစိုးရိမ်ကျောင်း တိုက်မှာ မနေ့က တွေ့ဆုံခဲ့ရာမှာအဲဒီလို သဘောတူ ညီချက်ရရှိ ခဲ့တာ ဖြစ်တယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂပြင်ပဆက်ဆံရေးတာဝန်ခံ ကိုနိုင်ရဲဝေ ကပြောပါတယ်။
" ကျောင်းထဲမှာ ဒီပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တာရှိလို့ရှိရင် ဆရာတို့ဖက်ကလည်း ဆရာတို့ကြိုက်တဲ့လူကိုခေါ် ကျနော်တို့ဖက်ကလည်း ကျနော်တို့ကြိုက်တဲ့လူကို ဖိတ်ခေါ်ပြီးတော့ ဒီကျောင်းထဲမှာ ဆွေးနွေးပွဲလုပ်တာမျိုးတို့ ပညာရေး ဥပဒေ နဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ ရှင်းပြတာမျိုးတို့ ဒါမျိုးလုပ်ဖို့တော့ အကြိုသဘောတူညီချက်လေးပေါ့ အဲ့လိုမျိုးလေးတော့ရထားတယ်"
မန္တလေးခရိုင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသား၊ ကျောင်းသူ ၆ဝ ခန့်ကအမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း မန္တလေးမြို့မှာ ကြာသပတေးနေ့ကဆန္ဒပြခဲ့ကြပြီးနောက် ပါမောက္ခချုပ်တွေ ကကျောင်းသား၊ ကျောင်းသူတွေကို အခုလိုပထမဆုံးအကြိမ် တွေ့ဆုံဖို့ အကြောင်းကြား ခဲ့တာဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ဦးက တက္ကသိုလ်ကျောင်း တွေအတွင်းကျောင်းသားသမဂ္ဂရုံးခန်းနေရာတွေ သတ်မှတ်ပေးဖို့၊ စာဖတ်ဝိုင်းတွေ ထားပေးဖို့၊ ပိတ်ထားတဲ့ အဓိကတက္ကသိုလ်ဝင်ပေါက်တွေကို ပြန်လည်ဖွင့်လှစ်ပေး ဖို့ နဲ့ကားရပ်နားရန်နေရာတွေ စီစဉ်ပေးဖို့လည်း ကျောင်း သားခေါင်းဆောင်တွေ ကတောင်းဆိုခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ် နဲ့မန္တလေး နည်းပညာတက္ကသိုလ် က ပါမောက္ခချုပ်တွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

မန္တလေး တက္ကသိုလ်တွေအတွင်း ဆွေးနွေးပွဲကျင်းပခွင့် ကျောင်းသားတွေ ရရှိ
Reviewed by သစ်ထူးလွင်
on
15:10
Rating: