ရေတာရှည် အောက်တိုဘာ ၇
ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ အသက် (၁၇)နှစ်အရွယ် အမျိုးသား တစ်ဦးသည် ပြောင်းဖူး အိတ်များ ချုပ်ရန် အိတ်ချုပ်စက်နှင့် မီးပလပ်ထိုးစဉ် ဓာတ်လိုက် သေဆုံး သွားခဲ့သော အမှုတစ်ခု ရေတာရှည်မြို့နယ် မြို့လှမြို့ သာဝတ္ထိ ရပ်ကွက်တွင် အောက်တိုဘာ ၅ ရက် နံနက်က ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သာဝတ္ထိရပ်ကွက်နေ သေဆုံးသူ နေဇော်ထက် (၁၇)နှစ်သည် ပြောင်းဖူးအိတ်များ ချုပ်ရန် နေအိမ်ပွဲရုံအတွင်း မီးပျက်နေသဖြင့် နေအိမ်တောင်ဘက် ပေ ၃ဝ ခန့် အကွာရှိ ဖခင်ဖြစ်သူ၏ ကုန်စုံဆိုင်မှ ဝါယာကြိုးခွေနှစ်ခွေနှင့်မီးသွယ်တန်းယူပြီး အိတ်ချုပ်စက်အား မီးပလပ်ထိုးစဉ် ပလပ်အရင်းဝါယာ ကြိုးပေါက်သည့်နေရာကို ကိုင်မိ၍ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။ ဓာတ်လိုက်မှုကြောင့် နေဇော်ထက်တွင် ဝဲဘက်လက်ညှိုးနှင့်လက်မတွင် ဓာတ်လိုက်၍ ပေါက်ထွက်သည့် ဒဏ်ရာတစ်ချက်စီနှင့်ဝဲမျက်လုံးပေါ်တွင် ဓာတ်လိုက်ပြီးလဲကျစဉ် ကျောက်ခဲနှင့်တိုက်မိ၍ ပေါက်ပြဲဒဏ်ရာတစ်ချက် တို့ရရှိပြီး သေဆုံးခဲ့ကြောင်းသိရ၍ မြို့လှနယ်မြေရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily?hc_location=timeline

ပေါက်ပြဲမီးကြိုးကိုင်မိ၍ လူငယ်တစ်ဦးဓာတ်လိုက်သေဆုံး
Reviewed by သစ်ထူးလွင်
on
03:05
Rating: