ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးရွာဆယ်ရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေအတွင်းမှာ လာမယ့်နှစ်ကစပြီး လယ်သမားတွေ ဝင်ရောက်လုပ်ပိုင်ခွင့် မရှိတော့ကြောင်း ဒီလဆန်းပိုင်းက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်အရာရှိတွေ ညှိနှိုင်းပြီး အဲ့ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တယ်လို့ မြေသိမ်းခံတောင်သူတစ်ဦးဖြစ်တဲ့ ကိုဘူးရယ်က ပြောပါတယ်။
"မြို့နယ်ထွေအုပ်နဲ့ တပ်နဲ့ဘယ်လို ညှိနှိုင်းတိုင်ပင်ထားလည်းတော့ မသိဘူးပေါ့နော်၊ သူတို့ ဂြိုဟ်တုဓါတ်ပုံတွေပြပြီး ဒါတပ်ပိုင်နယ်မြေ ဒါပြီးတော့ မလုပ်ရတော့ဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်၊ အခုလက်ရှိ လုပ်စားနေတဲ့နေရာကို ပြန်ပေးရင်ကျေနပ်ပါတယ်၊ အကုန်လုံးပြန်မပေးရင်တောင် တဝက်လောက်ပြန်ပေးရင်ပဲ ကျနော်တို့က ကျေနပ်ပါတယ်"
လွိုင်ကော်မြို့နယ် မြေနီကုန်း၊ ထေးသမ၊ ဒေါမူကလား၊ နာနတ်တော၊ ဖာဆီမာ စတဲ့ကျေးရွာဆယ်ရွာက မြေဧက ၇ဝဝ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉ဝ ဝန်းကျင်က အဲဒီဒေသမှာ အခြေစိုက်တဲ့ အမြောက်တပ် ၃၅၆ နဲ့  ခြေလျင်တပ်ရင်း ၂၅ဝ တို့က သိမ်းဆည်းခဲ့ပြီး ၁၉၉၇ ခုနှစ်ကစတင်ကာ တောင်သူတွေကို သီးစားချထားခဲ့တာဖြစ်ပါတယ်။
အဲဒီမြေတွေမှာ လုပ်ကိုင်မယ်ဆိုရင် စစ်တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ထိုးဖို့  ဒီနှစ်ဆန်းပိုင်းမှာ စစ်တပ်က အမိန့်ထုတ်ခဲ့တာကို ဒေသခံတွေက လက်မခံတဲ့အတွက် နောက်နှစ်တွေမှာ လုပ်ပိုင်ခွင့်မရှိတော့ကြောင်း အခုလို အမိန့်ထုတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

လွိုင်ကော်မြို့နယ် တပ်သိမ်းမြေမှာ လယ်ယာလုပ်ပိုင်ခွင့် မပြု
Reviewed by သစ်ထူးလွင်
on
03:34
Rating: