အတိုက်အခံ အားနည်းတာနဲ့ အာဏာရှင်စနစ်ကို အလိုလို ပြန်ရောက်သွားမှာ လို့လည်း သိစေချင်တယ်။ တကယ်တော့ ကိုယ့်အရည်အသွေးကို ထက်မြက် လာစေချင်ရင် အတိုက်အခံကောင်း မွေးမြူပေးရမယ် မဟုတ်ဘူးလား။ သည်မိန်းမ မရှိမှ အေးမယ်လို့ တွက်တာ မှားတယ်။ သူသာမရှိရင် ထင်ရာ စိုင်းသူ အချင်းချင်း ပဒိုင်းသီးကျွေးတာ ခံရတတ်တယ်လေ။ မေ့သွားပလား။
ရူးလို့ ပြောတယ် မှတ်ပါ
------------
သရော်စာ (Satire) - ငွေစန်းရောင်
------------
“သည်ကမ္ဘာမှာ ယောက်ျားများဟာ မယုံရဆုံး၊ မြက်မြက်ကလေးစားဖို့ ပလီပလာ ဥာဏ်ဆင်သုံး၊ တချို့တလေတော့ ချစ်ဖို့ကောင်းအောင် လိမ်မာတယ်။ ဒါအလွန်ပဲ ရှားတယ်။” တဲ့။
အန်တီ ပုလဲကြီး ကတော့ “၀င်္ကဒီပနီယောက်ျား” သီချင်းနဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းလိုက်၊ “ကိုကို ယောက်ျားမဟုတ်ဘူး” သီချင်းနဲ့ ဆန္ဒထုတ်ဖော် ကန့်ကွက်ပွဲလုပ်လိုက်နဲ့ တို့တတွေကို “မုန်းဖို့ကောင်းတဲ့မောင်ပါ ကွယ်” ဆို ပေါ်တင်ကြီး နှိပ်ကွပ်သွားဖူးပါတယ်။
သူပြောလည်း ပြောချင်စရာပါပဲ။ ကိုယ်တွေကရော ယုံရလို့လား လို့မေးရင် ကွကိုယ် ချင့်ယုံပေါ့ ညလေးတို့ ညကြီးတို့ရယ်။ ကုက္ကို ကြီးတွေက မလစ်ရင် ဘာမမလုပ်ပါဘူး။ မယုံရင်လည်း မညာပါဘူး။ မိတော့လည်း တစ်ခါတည်းပါ။ အမှန်တရားဆိုတာ ချစ်သူ နားခါးမှာစိုးလို့ သကာလေးပါးပါး အုပ်ပေး ထားရတာ။ သိရင် သူတို့ပဲ စိတ်ဆင်းရဲနေရ မယ် မဟုတ်လား။ အားလုံး ကို ပျော်စေချင် တာ ကိုယ့်အားနည်းချက်ပေါ့။ စေတနာတွေပါ စေတနာတွေပါ။ သို့သော်လည်းပဲ ကိုယ်တွေ ကိုယ်တိုင်က “ဟဲ့ ဟဲ့။ နေကြစမ်းပါဦး။ အရမ်းကြီး မယုံကြပါနဲ့ဦး။ ခဏလောက် စောင့်ကြည့်ကြပါဦး။ ဟုတ်မှ ဟုတ်ပါလေစ။” ရယ် လို့ စောင့်မျှော် ကြည့်ရှု နားဆင်နေကြရသူ များကတော့ မယုံလည်း ပုံပြင် ယုံရင်လည်း ဒဏ္ဍာရီပဲ ထင်ကြပါ။ ကိုယ်တို့ရဲ့ တိုင်းပြည် ဥသျှောင် ခေါင်ထီး ဘုရားများဆီက နှုတ်ထွက် စကားများပဲ ဖြစ်ပါတယ်။
မဲဆွယ်တုန်းက ပေးတဲ့ အိပ်မက်တွေကို “ပြောမိလို့လား။“ လို့ မေ့ချင် ယောင်ဆောင်တာကတော့ စာမဖွဲ့လောက်ပါဘူး။ ဒါ သဘာဝ ပဲဟာ သဘောပေါက် ပါတယ်။ အခုဟာက ကုလားထိုင်ပေါ်ရောက်ပြီးကာမှ “ဘယ်စကား တွေ ဘယ်အချိန်မှာများ ကိုယ်ပြောမိမှားတာ လဲ။” လို့ ပြန်ပြန်မေး လာတာကိုး။ နောက် ဆုံးတော့ ကာလာမ သုတ္တန်ကလေးပဲ နှလုံးသွင်းနေ ရတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ မြင်ရဖတ် ရရုံနှင့်လည်း မယုံလင့်။ ဖိုတိုရှော့ကြီးတွေနှင့် ညားတတ်သည်။ ဂျာနယ်တွေထဲမှာ ပါရုံမျှ နှင့်လည်း မယုံလင့်။ ရောင်းကောင်းအောင် လိုတိုးပိုလျှော့လုပ်၍ ဖွတတ်သည်။ နိုင်ငံခြား သတင်းဌာနကြီးတွေမှာ တွေ့ဆုံမေးမြန်းခန်း တွေ ပါလာရုံမျှနှင့်လည်း မယုံ လင့်။ ဘယ်သူ က မုန်လာဥလုပ်ပြီး ဘယ်သူက အုန်းကျွန်း (Own Tune) လုပ်သွားမှန်း ဝေခွဲမ ရဖြစ်တတ်သည်။ နောက် ပိတ်ဆုံး ၈ နာရီသတင်းထဲ နားနှင့်ဆတ်ဆတ် ကြားလိုက်ရတာတောင် အချိန်လေးဘာလေး စောင့်ပြီးမှ ယုံရတယ်ဗျ။
နှုတ်တစ်ရာစာတစ်လုံးမို့ စာနဲ့ပေနဲ့ထွက် ထားတဲ့ ပြောင်းမိန့်ရွှေ့မိန့်များ တောင် မှပဲ ငါ့ နေရာ လူလာပြီလေဆို အထုပ်ပြင်ထားလို့ မရဘူး။ မလာချင်လို့ ခရီးဝေး တယ်ထင်ရင် နောက်တစ်ပါတ်လောက်ဆို လွှမ်းခြုံပလိုက် ကြရော။ ငါးမှန်း ဖားမှန်း သိချင် အချိန်ကိုစောင့် ရတယ်။ မစောင့်နိုင်လို့ အောလိုက်မိတဲ့သူတွေ ရှမ်းဘုရားပွဲ ဂလုံးဂလုံးဆွဲလို့ ပြောင်သလို ပြောင်ကုန်ပြီ။ မယုံရင် ယူကေ မှာ မြေ၀ယ် ထားတဲ့သူတွေကို မေးကြည့်ပါလား။
ကိုယ်တို့ကတော့ ခံရပေါင်းများလို့ အထာ နပ်လာပြီ။ တော်ရုံတန်ရုံဟာဆို ကိုယ်မသိ ဘဲနဲ့ စိတ်လက်မာန်ပါ မပြောမိအောင် သ တိထားတယ်။ အဖြူ အမည်း သဲကွဲအောင် ခဏစောင့်ကြည့်တယ်။ အဲ့ဒါကြောင့် ဘဘငှက်ကဥကြီး က “နင်တို့ ကျန်းမာရေးဘတ်ဂျက် တွေကလည်း ဟိုလူဝင်နှိုက် သည်လူဝင်နှိုက် နဲ့ ပွဲခင်းထဲ ဆီးသီးဗန်းမှောက်ကျတာ ကျနေ တာပဲ။” လို့ ပြောတဲ့အခါ “ဆော်ဘီတော့” လို့ ကွကို သဘောပေါက်လိုက်သော်ငြားလည်း ၀င်တော့ မပြောမိပါဘူး။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ သူတို့က မြေမြေချင်း ခြေမြင် တယ်လေ။ ကိုယ်တွေ ငတ်နေတိုင်း ဘယ် သူမှ မစားရဘူးလို့ ဘယ်ပြောနိုင် မလဲ။ ပထမ ဦးဆုံးကတော့ သူပြောတာ ဟုတ်ရဲ့လား။ ဘယ်တုန်းက ဘာကို အကြောင်းပြုပြီးတော့ သည်စကားမျိုး ပြောသွားတာလဲ လိုက်ရှာ ဖတ်ရတာပေါ့။
ပြောတဲ့သူကပြောလို့ ပြန်ပက်တဲ့သူက ပက်ပြီးပေမယ့်လည်း ကိုယ် ကတော့ ပြောသွားတာ မလွန်ဘူးလို့ ကိုယ့်ဘာသာ မြင်တာ တွေ့တာလေးတွေ ကနေ သုံးသပ်မိတယ်။ ဆန်ခိုးမမိ ဖွဲခိုးမိတာပဲဖြစ်ဖြစ် ခိုးတာချင်းတော့ အတူ မဟုတ်လား။ ကိုယ့်ရှိတဲ့ အပြစ်ကိုသူ များတွေက ကိုယ့်ထက်ဆိုးပါတယ် လို့ သေဖော်လိုက်ညှိနေရုံနဲ့ စင်ကြယ်မသွားဘူး။
ကျန်းမာရေးလို့ အော်လိုက် တိုင်း ဆရာဝန်တွေချည့်ပဲ ပြည်တော်သာနေကြတာ မဟုတ်ဘူး ။ ဆေးရုံ ဆောက်တာ ဆရာဝန်တွေ မဆောက်ဘူး။ ဆေးဝါး စက် ကိရိယာတွေ တင်ဒါကိစ္စ၊ ဆရာဝန်တွေချည့်ပဲ စီမံနေတာ မဟုတ်ဘူး။ ကိုယ် မသိနိုင်တာတွေ အများကြီး ရှိတယ်။ အလကားနေ လာမထိနဲ့ ဂါမဏိ ဖာကာ ထေးကာ ကာကွယ်နေရုံနဲ့ မပြီးဘူး။
သူပေးတဲ့ ဥပမာကို ကိုယ်ကတော့ သဘော ကျမိတယ်။ ဟုတ်တယ်။ ဆီးသီးဝေတာ မဟုတ်ဘူး။ ဆီးသီးဗန်းမှောက်တာ။ ဟိုလူနင်း သည်လူနင်းနဲ့ ဘယ်သူမှ မစားရဘဲ ခြေနင်း ဖတ်ရောက်ကုန်တဲ့ ဆီးသီးတွေက ပိုများတယ်။ တချို့သော စက်ပစ္စည်း ကိရိယာကြီးတွေ ဟာ ကြောက်စရာ ကောင်းလောက်အောင် ဈေးကြီး တွေ ပေးရသလောက် ရက်လ အနည်းငယ် အကြာမှာ ချွတ်ယွင်းမှုတွေ ဖြစ်လာရင် ပြု ပြင်ပေးမယ့် အာမခံချက် မပါဘူး။ တပ်ဆင် သူ ကုမ္ပဏီများကလည်း စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးရုံလောက်ပဲ အားတက်သရော လုံးပန်းတယ်။ မိန်တိန်းနန့်စ်ဆိုတာ သူတို့ ကုမ္ပဏီမှာတောင် အဲ့ဌာနဖွင့်ထားရဲ့လား မသိ ဘူး။ နောက်ဆုံးတော့ အရင်ဟာပဲ ကောင်းပါတယ်ဆို အဟောင်းနဲ့ ပြန်စခန်းသွားနေရ တာပေါ့။ ဘယ်နေရာမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ အထက်လူကြီးတွေက ကိုယ့်ထက် ပိုပြီး သိဖို့ တာဝန်ရှိတာမို့ ညောင်မြစ်တွေ ဆက် မတူးတော့ပါဘူး။ သူတို့ဟာ သူတို့ သိပစေတော့။
ကိုယ့်ဝမ်းနာ ကိုယ်တာတိမို့လို့ အပိုင်းတစ် တုန်းက အသာလေး ရေငုံနေလိုက် မိတာ ဘာ မှမကြာလိုက်ဘူး။ အပိုင်းနှစ်ထွက်လာတယ်။ ကိုယ်စားလှယ်တော် ကြီးများ အနေနဲ့ မိမိတို့ မြို့နယ်ရပ်ရွာ အသီးသီးမှာ ဆေးရုံ၊ စာသင်ကျောင်း ၊ ဆေးပေးခန်းအဆောက်ဦများကို ကျူစီဝင်ပြီးတဲ့နောက် စံချိန် စံညွှန်း မမီ သည်များကို တင်ပြရမယ်တဲ့ဗျ။ ခွတော့ကျကုန် ပါပြီ။ ခက်လိုက် တာနော်။ ဘယ့်နှယ်ပြောရ မှန်းကို မသိဘူး။ ရှင်ချင်တယ် ရှင်ချင်တယ်။ ဟွာလေ။ ဘတ်ဂျက်တွေ အများကြီးချပေး တယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဘယ် ဆေးရုံ ဘတ်ဂျက်ဘယ်လောက် ကျတယ်ဆို တာလည်း အဲသည်ဆေးရုံက ဆရာဝန်တွေ ထက် သက်ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး တွေက အရင် သိကြပါတယ်။ သူတို့တတွေ လည်း မကြာခဏဆိုသလို ဆေးရုံကိုလာပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ကိုယ်တိုင် စောင့်ရှောက်ကြည့်ရှုပါတယ်။
အဆောက်အဦသစ်တွေ အုတ်တံတိုင်း အသစ်တွေကိုလည်း သူတို့ကိုယ်တိုင် ၀င်မ လုပ်ရုံတမယ် ယောက်ဖသားမြေးများနဲ့ စေတနာရှေ့ထား တတပ် တအား ဆောင်ရွက်ကြပါ တယ်။ စိတ်ကလည်း အင်မတန်ရှည်တာ။ တစ်မိုးကုန်လို့ ဆောက်သစ်စကလေးတွေ ရေစုန်မျောကုန် ခဲ့ရင်လည်း သူတို့ ပဲ ပြန်ဆောက် ကြတာပါ။ (နောက်ထပ် ဘတ်ဂျက်နဲ့ပေါ့လေ) အခု အဲ့လူတွေကို သူတို့လုပ်တာ သူတို့ ကျူစီပြန်ဝင်ခိုင်း မလို့လား။ အောဒစ် ၀င်ခိုင်း မလို့လား။ အားနာစရာကြီး။ မျက်နှာပူစရာကြီး ဘရယ်။ သားတို့ဖြင့် သူ တို့မျက်နှာ ဘယ်လို ကြည့်ရမှန်းတောင် မသိ တော့ဘူး။ ငယ်ငယ်တုန်းက ပဒကုသလ ဇာတ် ကြည့်ရသလိုပဲ။ ရှင်ဘုရင်ကြီးက “သန်လျက် ဘယ်သူခိုးသလဲ သန်လျက် ဘယ်သူခိုးသလဲ” ပဲ မေးနေတယ်။ သည်က ပွဲကြည့်ရင်းနဲ့ သိ နေပြီ။ ဇာတ်စင်ပေါ် တက်ပြီး “ဘိုးတော်က လည်း သိသားနဲ့။ လူဆိုး။” လို့ မျက်စောင်းလေးထိုးပြီး ပြောချင်လိုက်တာ။
စေတနာနဲ့ပြောတဲ့ စကားဆိုတာ နားဝင် ခါးလည်းပဲ သူကကောင်းစေ ချင်လို့ ပြောတာပဲလေဆို နာခံမှတ်ယူလိုက်ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိသတဲ့။ ကိုယ်တို့လည်း ဘဘကြီးပြော တဲ့ စေတနာစကားများကို နာယူမှတ်သား ပွားများ ပြုပြင်ကြတာပေါ့ကွယ်။ ဘဘကြီး လည်း မောင်စံဖားကလေး စေတနာ နဲ့ ပြောတာကို ခွင့်လွှတ်နော်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့၊ အကျင့်ပျက်ခြစားမှု ပပျောက်ရေးတို့ ကော်မ ရှင်ကြီးတွေ ဖွဲ့တဲ့အခါ သားသား စောန ပြော တဲ့ ကွကိုတို့၊ သွသူတို့၊ ကိုယ့်ချင်းကိုယ့် ချင်းတို့၊ ဘော်ဒါ ကဏ္ဍ တို့ နွယ်လာရင် သား သားလိုပဲ မျက်နှာတွေပူနေ အားနာနေရမှာ စိုးလို့ပြော တာပါ။ တကယ်လို့များ နောက် အစိုးရတက်လာလို့ ဘတို့ စေတနာရှင် လူမှုရေးအသင်းကြီးလို့ နာမည်တပ်ခဲ့တဲ့ ဟာကြီး တွေချည့်ပဲ လွှတ်တော်ထဲ ၀င်ထိုင်ကြမယ်ကြံ ရင် အဲသည် ကွကို၊ သွသူ ပြဿနာတွေနဲ့ သန်လျက် ပျောက်ရှာနေရဦးမှာ သိလား။
အတိုက်အခံ ဆိုတာ ဘယ်လောက်ပဲ မုန်းမုန်း၊ မရှိလို့တော့ မဖြစ်ဘူးလို့ သဘောပေါက်ထားသင့်ပါတယ်။ အတိုက်အခံ အားနည်းတာနဲ့ အာဏာရှင် စနစ် ကို အလိုလို ပြန်ရောက်သွားမှာ လို့လည်း သိစေချင်တယ်။ တကယ်တော့ ကိုယ့်အရည်အသွေးကို ထက်မြက်လာ စေချင်ရင် အတိုက်အခံကောင်း မွေးမြူပေးရမယ် မဟုတ်ဘူးလား။ သည်မိန်းမ မရှိမှ အေး မယ်လို့ တွက်တာ မှားတယ်။ သူသာမရှိရင် ထင်ရာစိုင်းသူ အချင်းချင်း ပဒိုင်းသီးကျွေးတာ ခံရတတ်တယ်လေ။ မေ့သွားပြီလား။
စိတ်လိုက်မာန်ပါ ဆန္ဒစောသူတချို့က ရိုက်တာမှာ အင်တာဗျူးပါလာတာနဲ့ “ဖွတ် ထွက်မှ တောင်ပို့မှန်း သိတော့တယ်” ဆိုပြီး ယူကျုံးမရ အပူလုံးကြွကြပါတယ်။ NLD ကြီးတော့ နှစ်ခြမ်းကွဲပါပြီ ဆိုပြီး ပွဲခံမလို့ ဆန်ချင် နေတဲ့သူတွေကလည်း မနည်း။ “တွေ့ပြီ မ ဟုတ်လား။ ဒင်းတို့ ပါတီမှာ ဘွားတော်က လွဲလို့ ဆက်ကင်းမန်း မရှိတာ တစ်ကမ္ဘာလုံး သိ ကုန်ပြီ” လို့ လက်ခမောင်း ထခတ်တဲ့ သူတွေ လည်း ခတ်တာပေါ့။ လူတွေ လူတွေ။ ပြိန်း လိုက်ကြတာများ။ သည်တစ်ခါတော့ နိုင်ငံခြား သတင်းဌာနက လူတွေပါ အပြိန်းဓာတ်ကူး ကုန်ပြီ။
နေစမ်းပါဦး။ ၂၀၁၅ မှာ အမေစုမှ ရွှေ မအုနိုင်ရင် ကမ္ဘာကြီး ပျက်သွားမှာ မို့လား။ သူ့ဘ၀ကြီးက ကိုယ့်တိုင်းပြည် အနာဂတ်ကြီး ကို ရွှေကုလားထိုင် ကြီးပေါ် ရောက်မှပဲ စီမံ နိုင်မှာမို့လား။ ဒါဖြင့်ရင် ကိုယ့်ဘာသာကိုယ် ပြန်မေး ကြည့်ကြပါ။ အခုရွှေကုလားထိုင်ပေါ် က လူကြီးက စာဖတ်နေသူကြီးရဲ့ လမ်းညွှန်မှုမပါဘဲ သူ့သဘောနဲ့သူ ထင်တိုင်းကြဲခဲ့ဖူးတာ ရှိလို့လား။ သူပြော သမျှ ကိုရော သူ့ပါတီက လူတွေတောင် မြေ၀ယ်မကျ နားထောင်ရဲ့လား။ သည်ဇာတ်လမ်းမျိုး လောက်ဖြင့် တို့မေကြီးက မကတတ်စရာ ရှိ ပါ့မလား။
သူများဇာတ်က မင်းသား အောက်ကျခံစရာ မလိုပေါင် ။ ဇေယျာသော်လောက် ကောက်တင်လိုက်ရင်တောင် ပွဲပြတ်တယ်။ ဟစ်ဟော့ ဆိုတဲ့ ညီလေးက ကျန်းမာရေး မကောင်းဘူး ဆိုရင် မောင်စံဖားလေး မင်းသား တင်လေ။ စေလိုရာစေ ။ မေမေ ပေးစားတဲ့သူနဲ့ပဲ ယူပါ့မယ် ။ ခေါင်းပေါင်းနဲ့ လည်း လိုက်ပါတယ်။ မယုံ မင်္ဂလာဆောင်တုန်းက ပုံကြည့်မလား။ တစ်ဆွေလုံး တစ်မျိုးလုံး မပုတင်ကိုင်ထားတာ။ စစ်ကြောင်းနဲ့ ငှက်ဖျား လိုက်ကုဖူးလို့ စစ်ရေး အတွေ့အကြုံလည်း ရှိတာပေါ့။ နောက်ကွယ် ကသာ ကြိုးကိုင်လိုက်စမ်းပါ မယ်မယ်။
အာ့ ပလန်ဘီပဲ။ မှတ်ပလား။
(ဤတွင် အကောင်းမှတ်၍ လိုက်ဖတ်နေသောသူများ အရူးက အရူးလုပ်ခံ ရလေသတည်း။)
ငွေစန်းရောင်
The Ladies News Journal
https://www.facebook.com/News.TheLadies
ရူးလို့ ပြောတယ် မှတ်ပါ
Reviewed by သစ်ထူးလွင်
on
10:19
Rating:
