ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ကာလျော်ကြေးငွေ တောင်းခံသူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ယာဉ်ဖြင့် တိုက်မိဟန်ဆောင်၍ လျော်ကြေးငွေ တောင်းခံသည့်အဖွဲ့မှ ပါဝင်သူများကို ကျောက်တံတား မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၁၂.၁၀.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းသို့ ချိုးကွေ့မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးအား အမျိုးသား တစ်ဦးမှ ပွတ်တိုက်ခံရသည်ဟု ဟန်ဆောင်ပြီး ၎င်း၏အဖော်(၂)ဦးနှင့်အတူ ယာဉ်မောင်းထံမှ လျော်ကြေးငွေ တောင်းခံခဲ့ရာ ၎င်းတို့(၃)ဦးမှာ ၁၀.၁၀.၂၀၁၄ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ ယခုကဲ့သို့ ဟန်ဆောင်၍ အဆိုပါ ယာဉ်မောင်းသူထံမှပင် လျော်ကြေး ငွေတောင်းခံ ခဲ့ဖူးသူများ ဖြစ်ကြောင်းကို ယာဉ်မောင်းမှ မှတ်မိသိရှိသဖြင့် တစ်ဦးအားဖမ်းဆီးခဲ့ပြီး ကျောက်တံတား မြို့မရဲစခန်း သို့ ဆက်သွယ်အကြောင်းကြားစဉ် အတူပါသူ (၂)ဦးမှာ ထွက်ပြေးသွားခဲ့ကြပါသည်။

ကျောက်တံတား မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ အမျိုးသားအား စစ်ဆေးရာ ဒလမြို့နယ်နေထိုင်ကာ ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သူ ရာဂျား(ခ)သန့်ဇင်ဦး၊ (၂၄)နှစ်ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ(၂)ဦးမှာ ဇော်မျိုးလွင်နှင့် အုန်းရွှေဆိုသူ(၂)ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့(၃)ဦးသည် ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ခဲ့ပြီး အဆိုပါ ယာဉ်မောင်းထံမှ ငွေကြေး တောင်းခံရန် ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဖမ်းဆီးရမိသူ ရာဂျား(ခ)သန့်ဇင်ဦးအား အလားတူကျူးလွန်ခဲ့မှုများကို ဖော်ထုတ် စစ်ဆေးခဲ့ရာ ၎င်းတို့အဖွဲ့သည် ၉.၁၀.၂၀၁၄ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးအနီး ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီးအား တိုက်မိဟန် ဆောင်၍ ယာဉ်မောင်းထံမှ လျော်ကြေးငွေတောင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ်
ငွေကျပ်(၅၀၀၀)ရရှိခဲ့ကြောင်း၊ ၁၀.၁၀.၂၀၁၄ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ မော်တော်ယာဉ်တစ်စီး အားတိုက်မိသကဲ့သို့ဟန်ဆောင်၍ ယာဉ်မောင်း သူထံမှ လျော်ကြေးငွေတောင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ်ငွေကျပ်(၅၀၀၀)ရရှိ ခဲ့ကြောင်း၊ ၁၁.၁၀.၂၀၁၄ ရက်နေ့တွင် တာမွေ မြို့နယ်၊ သီတာလမ်း၌
မော်တော်ယာဉ်တစ်စီး အား တိုက်မိသကဲ့သို့ဟန်ဆောင်၍ ယာဉ်မောင်းသူထံမှ လျော်ကြေးငွေတာင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ် ငွေကျပ်(၅၀၀၀)ရရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ကျူးလွန်ရာတွင် ပါဝင်ပြီးထွက်ပြေးတိမ်းရှောင်သွားသူဇော်မျိုးလွင်နှင့် အုန်းရွှေတို့ အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိသူ ရာဂျား(ခ)သန့်ဇင်ဦးမှ ဇော်မျိုးလွင်နှင့် အုန်းရွှေဟု လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စိစစ်သိရှိရပြီး အမှန်တကယ်ကျူးလွန်သူများမှာ ကတုံး (ခ)ညွန့်စိန်၊ ရာစင်(ခ)ချမ်းငြိမ်းနှင့် အောင်မျိုးဦးတို့(၃)ဦးဖြစ်ကြောင်း သိရှိရသဖြင့် စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာ ၁၄.၁၀.၂၀၁၄ ရက်နေ့တွင် ကတုံး(ခ)ညွန့်စိန်အား ဒလမြို့နယ်ဆိပ်ကမ်းမှလည်းကောင်း၊ ရာစင်(ခ)ချမ်းငြိမ်းအား ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်အတွင်းမှလည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဒလမြို့နယ်နေသူများဖြစ်သည့် ရာဂျား(ခ)သန့်ဇင်ဦး၊ (၂၄)နှစ်၊ ကတုံး(ခ)ညွန့်စိန်၊ (၄၄)နှစ်နှင့် ရာစင်(ခ)ချမ်းငြိမ်း၊ (၃၀)နှစ်တို့(၃)ဦးအား ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ အောင်မျိုးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိပါသည်။

ယင်းသို့ ယာဉ်တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များအား မိဘပြည်သူ များအနေဖြင့် သတိပြုနိုင်စေရန်နှင့် အလားတူဖြစ်စဉ် များအတိုင်း ဖြစ်ပွားကြုံတွေ့ရပါကလည်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်သတင်းပေး ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြအပ် ပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ကာလျော်ကြေးငွေ တောင်းခံသူများကို ဖမ်းဆီးရမိ ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ကာလျော်ကြေးငွေ  တောင်းခံသူများကို ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 18:30 Rating: 5
Powered by Blogger.