လျှပ်စစ်ဓာတ်ကြိုးဟောင်းများလဲရန် ဘတ်ဂျက်မလုံလောက်

ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ကာ လူသေဆုံးသည်ထိ ဖြစ်ပွားနေသည့် အတွက် ကြိုးဟောင်းများကို လဲလှယ်သင့်သည်ဟု ပြောဆိုနေကြသော်လည်း လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် လုံလောက်သည့် ငွေကြေးမရှိကြောင်း အဆိုပါ ၀န်ကြီးဌာန၏ အဆင့်မြင့် အရာရှိကြီးတဦးက News Watch ဂျာနယ်ကို အတည်ပြုပြော ဆိုသည်။

“ဘတ်ဂျက်မှမရဘဲ၊ မရတော့ ရှိတဲ့ ဘတ်ဂျက်က ဘယ်လောက်ရမလဲဆိုတော့ ၁၇ ဘီလီယံ လောက်ပဲရတယ်။ အဲဒီထဲမှာ တိုးတက်လာတဲ့ ဟာလည်း လုပ်ပေးရတယ်။ အဟောင်းလည်း ပြန်ပြင်ရ တယ်။ ချဉ်ပေါင်ရွက်ဖိုးပဲရတဲ့ဟာကို ၀က်သားချည်းပဲပြောနေတာ။ တိုးချဲ့ပေးဖို့ လိုအပ်တာရဲ့ ၁၀ ပုံ ၁ပုံပဲ ရတယ်။ ဒါပဲ။ အဲတော့ အဟောင်းတွေလဲဖို့က လုံးဝ မရဘူး”ဟု ယင်းအရာရှိကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ တောင်းခံ၍ လျှပ်စစ်ကိစ္စဆိုင်ရာများကို ဆောင်ရွက်နေကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်တောင်းခံမည့် ငွေဖြင့် ကြိုတင်ကာ ပစ္စည်းများ အစားထိုး လဲလှယ်နေကြောင်း သိရသည်။

“အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ လူနေ ထူထပ်ရာနေရာတွေမှာ ကြိုးတွေ အစားထိုးလဲလှယ်နေတယ်။ အန္တရာယ်ကြီးတဲ့ နေရာတွေကိုလောက်ပဲ ရွေးပြီးတော့ လဲနေတယ်။ ပိုက်ဆံ Amount တွေ၊ ဘာတွေပြောလို့မရဘူး။ ဒီအစိုးရနဲ့ မပြီးနိုင်ဘူး”ဟု ယင်းအရာရှိကြီးက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၃-၉-၂၀၁၄ ရက်နေ့ တွင် ကျင်းပသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဉာဏစိုး က လျှပ်စစ်ဓာတ်အားများ ဘေးအန္တရာယ် ကင်းရှင်းစွာ (၂၄) နာရီအချိန်ပြည့် ဖြန့်ဖြူး ပေးရန် ရှိ၊ မရှိ မေးမြန်းရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက အများပြည်သူအန္တရာယ်ကင်းစေရန် လျှပ်တားအကာပါသည့်ကြိုး ပြောင်းလဲတပ်ဆင်မည်ဆိုပါက ဓာတ်ကြိုးတမိုင်လျှင် ငွေကျပ်သန်း ၉၃၀ ကုန်ကျမည်ဟု ဖြေကြားခဲ့သည်။

“လက်ရှိ လျှပ်တားအကာမပါတဲ့ ကြိုးတွေကို အကာပါတဲ့ကြိုးနဲ့ အစားထိုး မယ်ဆိုရင် ဗို့အားပေါ်မူတည်၍ (၃)ဆခန့် ပိုကုန်မှာဖြစ်ပြီး စိတ်ချရစေရန် မြေအောက်ဓာတ်ကြိုးစနစ်သုံးမယ်ဆိုရင်လည်း (၁၀) ဆခန့်ကုန်မှာပါ”ဟု ယင်းက ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တပ်ဆင်ထားသည့် လျှပ်စစ်ဓာတ်ကြိုးများကို မလဲလှယ်နိုင်သည့်အတွက် ဓာတ်ကြိုး ပြတ်ကျ၍ ဓာတ်လိုက်မှုဖြစ်စဉ်များသည် ရန်ကုန်မြို့တွင် အများဆုံးဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးအနီး၊ အလုံမြို့နယ်၊ စောရန်နိုင်(တောင်)ရပ်ကွက်၊ ကျောင်းလမ်းတွင် ၁၆-၇-၂၀၁၄ ရက်နေ့ က ဗို့အား ၆၆၀၀ ရှိ ဓာတ်ကြိုးပြတ်ကျမှု ဖြစ်ပွားခဲ့သေးသည်။

“ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ပိုက်ဆံမပေးတဲ့သူမှာ တာဝန်ရှိတာပေါ့။ ဘတ်ဂျက်က လုံလုံလောက်လောက်မှ မပေးဘဲ”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အရာရှိကြီးက ဆိုသည်။
ဆက်သွယ်ရေးကဏ္ဍဆိုင်ရာနှင့် လျှပ်စစ်ကိစ္စဆိုင်ရာ ပြဿနာများဆိုသည်မှာ လူထုကြားတွင် တနိုင်တပိုင်ဖြေရှင်း၍ မရနိုင်သော ပြဿနာဟု တက်ကြွလှုပ်ရှား သူများက သုံးသပ်ကြသည်။

“လမ်း၊ တံတား ပျက်နေရင် လူထုက ပိုက်ဆံကောက်ပြီး တပိုင်တနိုင်ဖြေရှင်း လိုက်လို့ရတယ်။ လူထုက ငွေကြေးတတ် နိုင်ရင်တောင် ဒီကိစ္စမျိုးဆိုတာ အစိုးရက ပဲ လုပ်ပိုင်ခွင့်ရှိတာ။ အစိုးရက မလုပ်နိုင်ဘူး။ ငွေကြေးမတတ်နိုင်ဘူးဆိုပြီး ပစ်ထား လို့ရတဲ့ကိစ္စမဟုတ်ဘူး။ ဒါဟာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး။ မလုပ်ဘဲနေလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ မလုပ်ဘဲထားတာဟာ ပြည်သူကို ပစ်ပယ်ရာ မသိကျိုးကျွံပြုရာရောက် တယ်”ဟု ၀ါရင့်နိုင်ငံရေးသမား ကိုသီဟက ဝေဖန်သည်။

ယင်းကြောင့် ကုန်ကျမည့် ငွေကြေးအတွက် လွှတ်တော်တွင် ဘတ်ဂျက်တောင်းခံခြင်း၊ အခြားအလှူရှင်များ ရှာခြင်းစသော နည်းပေါင်းစုံဖြင့် လျှပ်စစ်ကြိုးဟောင်းများကို လဲလှယ်သည့်ကိစ္စအား အရေးတကြီးကိုင်တွယ်သည်ဟု ယင်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ ၂လအတွင်း ကမာရွတ်မြို့နယ် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်တို့ အတွင်း သွယ်တန်းထားသော ဓာတ်ကြိုးများ ပြတ်ကျကာ ဓာတ်လိုက်၍ လူ ၆ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသရဲတပ်ဖွဲ့မှ သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လျှပ်စစ်ဓာတ်ကြိုးဟောင်းများလဲရန် ဘတ်ဂျက်မလုံလောက် လျှပ်စစ်ဓာတ်ကြိုးဟောင်းများလဲရန် ဘတ်ဂျက်မလုံလောက် Reviewed by သစ်ထူးလွင် on 18:56 Rating: 5
Powered by Blogger.