KNU ပြန်ပါဝင်ရေး ကြိုးစားဖို့ UNFC ညီလာခံ ဆုံးဖြတ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပ ပြီးဆုံး သွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ပထမ အကြိမ် ညီလာခံ ကနေ တိုင်းရင်းသား အားလုံးရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွား မယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပြီး UNFC အဖွဲ့ကိုဦးဆောင်မယ့် ဗဟိုအလုပ် အမှုဆောင် ကော်မတီ သစ်ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ ကြပါတယ်။

ခုနှစ်ရက်ကြာ ညီလာခံကျင်းပခဲ့တဲ့ ညီလာခံကနေ အသစ်ရွေးကောက်လိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၁၂ ဦးနေရာမှာ လောလောဆယ် ၁ဝ ဦးသာရွေးချယ်ထားပြီး ဥက္ကဌ ၂ နေရာနဲ့ ဗဟိုအလုပ်အမှု ဆောင် ကော်မတီတစ်နေရာအတွက် KNU ကိုယ်စားလှယ်တွေ ပြန်ခန့်အပ်နိုင်ဖို့ ချန်လှပ်ထား တယ်လို့လည်း သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ အဖြစ် ပြန်လည် ရွေးချယ်တင် မြောက်ခံရတဲ့ ဗိုလ်ချူပ်ကြီး အင်ဘန်လကတော့ UNFC ညီလာခံအပြီးမှာ သတင်းထောက်တွေကို အခုလိုပြောဆိုပါတယ်။

"သူတို့ ပြန်လာအောင်လုပ်ရမှာပဲ သူတို့က ဒီ လုံးဝနုတ်ထွက်သွားတာမဟုတ်ဘူး၊ ဒီ ကျနော်တို့ သူတို့တင်ပြတဲ့ ဒီမူကြမ်းလေးပေါ့လေ၊ သိပ်သက်ဆိုင်မှုမရှိလို့ ယာယီထွက်ခွာသွားတာပဲဖြစ်တယ်၊ အမြဲတမ်း ထွက်ခွာသွားတာမဟုတ်ဘူး၊ သူတို့ ဗဟိုမှာ ပြန်ဆွေးနွေးပြီးတော့ အဖွဲ့ဝင် အဖြစ်သူတို့ဘယ်လိုပုံစံနဲ့ ၀င်လာမလဲတော့မသိဘူး ၀င်တော့ပြန်ဝင်လာမှာပဲ ခင်ဗျ"

UNFC ညီလာခံကို တက်ရောက်ခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က UNFC ရဲ့မူဝါဒပိုင်းဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သဘောထား မတူညီမှုတွေဖြစ်ပေါ်ခဲ့ပြီး UNFC ညီလာခံမှာ မပါဝင်တော့ပဲ ယာယီရပ်ဆိုင်းခဲ့ ပါတယ်။

UNFC အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို လာမည့် ၂ နှစ်သက်တမ်းအတွက် အသစ်ရွေးကောက်တင်မြောက်လိုက်တဲ့ ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ ၁ ဦးနိုင်ဟံသာ ၊ ဒုဥက္ကဌ ၂ ( KNU အတွက်ချန်လှပ်နေရာ)နဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့ အတွင်းရေးမှူး ၂ ဆလိုင်းထလာဟေးတို့ပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဦး (ချန်လှပ်) အပါအဝင် ၁၂ ဦးနဲ့ ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

UNFC ညီလာခံသက်တမ်းကို အရင်က ၃ နှစ်တစ်ကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် နောက်လာမည့် သက်တမ်းမှာတော့ ညီလာခံကို ၂ နှစ်တစ်ကြိမ်ကျင်းပဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၆ လတစ်ကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


KNU ပြန်ပါဝင်ရေး ကြိုးစားဖို့ UNFC ညီလာခံ ဆုံးဖြတ် KNU ပြန်ပါဝင်ရေး ကြိုးစားဖို့ UNFC ညီလာခံ ဆုံးဖြတ် Reviewed by သစ်ထူးလွင် on 09:54 Rating: 5
Powered by Blogger.