သြစတြေးလျနိုင်ငံသား ခံယူထားတဲ့ အာဖဂန်လူမျိုးတွေဟာ သြစတြေးလျမှာ နေထိုင်သူတွေကို ကြုံရာကျပန်း ဖမ်းဆီးမှုတွေလုပ်ပြီး လည်လှီးသတ်ဖြတ်ဖို့ ISIS စစ်သွေးကြွအဖွဲ့ကို ထောက်ခံသူတွေက ကြံစည်နေတယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလို သတင်းတွေကြောင့် မနေ့တုန်းကပဲ သြစတြေးလျနိုင်ငံ မြောက်ပိုင်း Brisbane၊ Logan မြို့နဲ့ အရှေ့ပိုင်းက ဆစ်ဒနီမြို့ရှိ နေအိမ်တချို့ကို ဝင်စီးခဲ့ပါတယ်။
အဲဒီလို ဝင်စီးမှုအတွင်း လူ ၁၅ ယောက်ကို ဖမ်းဆီးပြီး နှစ်ယောက်ကိုတော့ ချက်ခြင်း စွဲချက်တင်ထားပါတယ်။
ကျန်နှစ်ယောက်ကိုတော့ တရားရုံးကိုလာဖို့ ဆင့်ခေါ်ထားပြီး ကျန်လူတွေကိုတော့ လွတ်ပေးလိုက်ပါတယ်။
ရဲတွေရဲ့ အဆိုအရ ISIS အဖွဲ့အတွင်းက အဆင့်မြင့် ရာထူးရရှိသူ သြစတြေးလျ နိုင်ငံသား Mohammad Ali Baryalei ဟာ ဆစ်ဒနီမြို့က အသက် ၂၂ နှစ်အရွယ် Omarjan Azari ကို လည်လှီးမှုတွေ လုပ်ဖို့ ညွန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံသားတွေကို ကြုံရာကျပန်း ပစ်မှတ်ထား ဖမ်းဆီးပြီး ဖမ်းဆီးခံရသူကို လည်လှီးဖို့ ဖြစ်ပါတယ်။ အဲဒီလို လည်လှီးမယ့် ပုံကိုလည်း ဗီဒီယို ရိုက်ကူးဖို့ ညွန်ကြားထားပါတယ်။
Azari ကို မနေ့တုန်းက တရားရုံးတင်ခဲ့ပြီး အကြမ်းဖက်မှု လုပ်ဆောင်ဖို့ ပြင်ဆင်တဲ့အတွက် တရားစွဲလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလကျရင် ဆက်လက်အမှု ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံက ကာကွယ်ရေးအရာရှိ Mark Binskin ရဲ့အဆိုအရ ISIS စစ်သွေးကြွအဖွဲ့အနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်တော့မယ့် အခြေအနေမှာ ရောက်နေပြီလို့ ပြောပါတယ်။
သြစတြေးလျ နိုင်ငံမှာ အကြမ်းဖက်မှုတွေ လုပ်တော့မယ် ဆိုတဲ့ အစီအစဉ်ကို သြစတြေးလျ အာဏာပိုင်တွေက မေလကတည်းက သိရှိခဲ့ပေမယ့် လုံလောက်တဲ့ သက်သေတွေ မရတဲ့အတွက် ဖမ်းဆီးမှုတွေ နှောင့်နှေးခဲ့တာလို့လည်း သိရပါတယ်။
ASIO ထောက်လှမ်းရေးတပ်၊ AFP ပြည်ထောင်စုရဲတပ်ဖွဲ့အပြင် ကွင်းစလန်းနဲ့ နယူးဆောက်သ်ဝေးလ် တပ်ဖွဲ့တွေကသာ ဖမ်းဆီးမှု မလုပ်နိုင်ရင် သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်နိုင်တယ်လို့ ရှေ့နေချုပ် George Brandis က ပြောပါတယ်။
အကြမ်းဖက်သမားလို့ ယူဆထားသူတွေကို နှိမ်နင်းမှုတွေ ရှိပေမယ့် သာမန် ပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားဖို့လည်း အစိုးရက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို သြစတြေးလျ ရဲတွေက လူမဆန်စွာ ရိုက်နှက် စစ်ဆေးမှာကိုလည်း နိုင်ငံရေးသမားတွေက စိုးရိမ်မကင်း ဖြစ်နေတဲ့အတွက် သြစတြေးလျ ရဲအနေနဲ့ ရက်စက်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
အကြမ်းဖက်မှုတွေကို ထိရောက်အောင် နှိမ်နင်းနိုင်ဖို့ လုံခြုံရေး ဥပဒေ အပြောင်းအလဲ လိုတယ်လို့ ထောက်လှမ်းရေးအဖွဲ့က တောင်းဆိုထားပေမယ့် အဲဒီဥပဒေ အပြောင်းအလဲကို အသုံးချပြီး ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် နိုင်ငံရေးသမားတွေက ဆင်ခြင်နေတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့အတွက်လည်း အစိုးရက အကြမ်းဖက် တပ်လှန့်မှု အဆင့်ကို တိုးမြှင့်ထားပါတယ်။
ISIS ရန်ကို အင်ဒိုနီးရှားလည်း စိုးရိမ်နေရ
ISIS စစ်သွေးကြွအဖွဲ့တွေရဲ့ ရန်ကို သြစတြေးလျနိုင်ငံကသာ စိုးရိမ်နေရတာ မဟုတ်ပဲ အင်ဒိုနီးရှားနိုင်ငံကလည်း စိုးရိမ်နေရပါတယ်။
အရှေ့တောင်အာရှရဲ့ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sidney Jones ရဲ့ အဆိုအရ ISIS အဖွဲ့ရဲ့ စည်းရုံးမှုကြောင့် အခုဆိုရင် အင်ဒိုနီးရှားနိုင်ငံသား အယောက်ပေါင်း ၃၀၀ ကျော် အရှေ့အလယ်ပိုင်းဒေသကို သွားပြီး ပူးပေါင်းမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။
ISIS အဖွဲ့ကို အမေရိကန်ကနေ ဦးဆောင်ပြီး ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်နေတာတွေက အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ အသွားအလာများတဲ့ နေရာတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံပြည်သူအများစုကတော့ ISIS အဖွဲ့ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်နေကြတယ်လို့ ပြောပါတယ်။
ISIS အပေါ် ဒီလောက် ဝေဖန်ဆန့်ကျင်တဲ့ အပြုအမှုမျိုး အရင်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ မတွေ့ဖူးတဲ့အကြောင်း ISIS အဖွဲ့ကနေ လူမှုကွန်ယက်တွေကို အသုံးပြုပြီး စည်းရုံးမှု ဆင်းနေတာတွေ ရှိပေမယ့်လည်း လူမှုအသိုင်းအဝိုင်းမှာ၊ မွတ်စလင်အသိုင်းအဝိုင်းမှာ၊ ဗလီအသိုင်းအဝိုင်းနဲ့ တစ်ဦးတစ်ယောက်ခြင်းကလည်း လူမှုကွန်ယက်တွေကို အသုံးပြုပြီး ISIS ရဲ့ လုပ်ရပ်ကို ပြန်လည် ဆန့်ကျင်တာကို တွေ့ရတာကတော့ ကောင်းတဲ့ လက္ခာဏာ ဖြစ်တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံကိုသွားတဲ့ သြစတြေးလျ နိုင်ငံသားတွေ သတိထားဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-19/1370233

![]() |
အထင်ကရ နေရာတွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့အတွက် ပါလီမန် လွှတ်တော်တဝိုက်မှာလည်း လုံခြုံရေးတိုးချထား (Credit: ABC) |
ISIS ရန်ကို အင်ဒိုနဲ့ သြစီ နှစ်နိုင်ငံလုံး စိုးရိမ်နေရ
Reviewed by သစ်ထူးလွင်
on
10:50
Rating: