ရန်ကုန် ၊ ၂၃-၉-၂၀၁၄
ပြည်ပနိုင်ငံများမှ နိုင်ငံခြားဖြစ် ဝိုင်နှင့် အရက် အမျိုးမျိုးကို ယခု နှစ်ကုန်ပိုင်းမှ စတင်၍ ပြည်တွင်းသို့ တင်သွင်းခွင့် ပြုရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
''ပထမဆုံး အနေနဲ့ ဝိုင်ကို တရားဝင် တင်သွင်းခွင့် ရအောင် အဆိုပြု ခဲ့တာ ဆိုတော့ ဝိုင်ကို အရင် တင်သွင်းခွင့် ရနိုင်ပါတယ်။ နှစ်မျိုးစလုံးကို တစ်ပြိုင်နက် တည်း တရားဝင် တင်သွင်း ခွင့်လည်း ရနိုင်တယ်။ အကန့်အသတ် မရှိ တင်သွင်းခွင့် ပေးတာတော့ မဟုတ်ပါဘူး။ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက် တော့ရှိမယ်။ လက်ရှိ မှာတော့ ဝိုင်နဲ့ အရက် အမျိုးမျိုး ဖြေလျှော့ ပေးမှု အပိုင်းတွေကို ဆွေးနွေး နေပါတယ် ... ''ဟု ကုန်သွယ်မှု မူဝါဒ လုပ်ထုံး လုပ်နည်းများ ဆိုင်ရာ စိစစ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းအောင် က ပြောသည်။
ယခုအချိန်တွင် တင်သွင်းခွင့် ကန့်သတ် ကုန်ပစ္စည်းများ ဖြစ်သည့် နိုင်ငံခြားဖြစ် ဝိုင်နှင့် အရက် အမျိုးမျိုးကို လုပ်ငန်း လိုအပ်ချက်များ အရသာ တင်သွင်းခွင့်ပြု ပေးထားပြီး စီးပွားဖြစ် အနေဖြင့် တရားဝင် တင်သွင်းခွင့်ပြု ထားခြင်း မရှိကြောင်း သိရသည်။
''ပြည်တွင်း လိုအပ်ချက် အရနဲ့ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ ( WTO ) ရဲ့ သဘော တူညီမှုတွေ အရ ဖြေလျှော့ ပေးမှုတွေ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောသည်။
ထို့အပြင် ရန်ကုန်မြို့ အတွင်း၌ ဖြန့်ဖြူး ရောင်းချ နေသော အရက်နှင့် ဘီယာအခွန်များ ကိုလည်း မကြာမီ ကာလအတွင်း လက်ရှိ နှုန်းထား၏ သုံးဆကျော်၊ လေးဆ နီးပါးအထိ တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
https://www.facebook.com/myawadydaily?fref=ts

နိုင်ငံခြားဖြစ် အရက်နှင့် ၀ိုင်များကို တင်သွင်းခွင့်ပြုရန် စီစဉ်လျက်ရှိ
Reviewed by သစ်ထူးလွင်
on
15:58
Rating: