မလေးရှားမှာ မြန်မာအလုပ်သမားတွေ ထိန့်လန့်ကြောက်ရွံ့နေကြ

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာ တစ်နှစ်ကျော်အတွင်း အနည်းဆုံးအယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကိုလည်း ဖေါ်ထုတ်ဖမ်းဆီးနိုင်တာ မရှိတဲ့အတွက် မြန်မာအလုပ်သမားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  မလေးရှားနိုင်ငံက ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ ကိုဆန်းဝင်းက RFA ကို အခုလိုပြောပါတယ်။

"လူတကာတွေကြားထဲမှာတော့လူတွေက အထိန့်တလန့်တွေဖြစ်နေကြတယ်၊ ကျန်တဲ့လူတွေလည်းများပါတယ်၊ အခု တနင်္လာနေ့ဆိုရင်လည်း မြန်မာနိုင်ငံက အထောက်အထားတွေပြပြီး ပြန်ကြမယ့်သူတွေလည်း အခုတအားများပါတယ်၊ တအားကြောက်နေကြပါတယ်၊ လမ်းသွားရင်တောင် ကြည့်သွားနေရတယ်၊ ဒီကြားထဲ ရဲဖမ်းမှုတွေကလည်းရှိနေတော့ လူတွေကမနေချင်ကြတော့ဘူး၊ စီးပွားရေးကလည်း ကျနေတဲ့အပိုင်းကလည်းပါတယ်"

နောက်ဆုံးအသတ်ခံရမှုဟာ အခုလ ၁၄ ရက်နေ့ကဖြစ်သွားပြီး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ် ရွာသစ်ရွာက ကိုကျော်သာလှနဲ့  ရသေ့တောင်မြို့ နယ်က ကိုကျော်အေးလှိုင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ကလည်း ရခိုင်အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်း ကိုသက် ဆိုသူအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

အခုလိုအသတ်ခံနေရတာဟာ ပျမ်းမျှအားဖြင့် လစဉ် ၂ ယောက်နှုန်းလောက်ဖြစ်နေပြီး၊ မြန်မာသံရုံး ကလည်း ထိထိရောက်ရောက် ကူညီနိုင်တာမတွေ့ ရသလို၊ မလေးရှားအစိုးရကလည်း တရားခံမဖော်ထုတ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် မြန်မာသမ္မတက မလေးရှားဝန်ကြီးချုပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ဖိအားပေးတောင်းဆိုစေချင်နေကြတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန် တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက အရွယ်ရောက်ပြီးလူငယ်တွေ အလုပ်လုပ်နေကြပြီး၊ စုစုပေါင်း ၂ သန်း ၄ သိန်းရှိတယ်လို့  မြန်မာနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီးကပြောဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127




မလေးရှားနိုင်ငံ ပီနန် ၊ ဘတ်တာဝေါပ် ၊ ဘူးကစ်မတာဂျမ် (Jalan Kampung Manggis, Permatang Tinggi in Bukit Mertaja) တွင် အလုပ်မှ ပြန်လာသော မြန်မာနိုင်ငံသား ၂ ဦး ၁၄ ရက်နေ့ညတွင် ပျောက်ဆုံး အဆက်သွယ်ပြတ်ခဲ့ရာမှ ၁၅ ရက်နေ့ နံနက်တွင်ရဲများမှ အလောင်း ၂ လောင်းလူပြတ်သောနေရာတွင်တွေ့ပြီး လူသတ်မှုဖြစ်ကြောင်း ( ၁၆.၉.၂၀၁၄)ရက်နေ့ထုတ် မလေးရှားသတင်းများတွင် ဖော်ပြသွားခဲ့သည် ။ Photo ; Thestar.com,my 

မလေးရှားမှာ မြန်မာအလုပ်သမားတွေ ထိန့်လန့်ကြောက်ရွံ့နေကြ မလေးရှားမှာ မြန်မာအလုပ်သမားတွေ ထိန့်လန့်ကြောက်ရွံ့နေကြ Reviewed by သစ်ထူးလွင် on 02:03 Rating: 5
Powered by Blogger.