သြစီမှာ မွတ်စလင် ဆန့်ကျင်မှုတွေ များလာ

သြစတြေးလျနိုင်ငံသားကို ​ဖမ်းဆီးပြီး ​လည်လှီးမှုတွေ ​လုပ်ဖို့ ​ISIS ​အကြမ်းဖက်အဖွဲ့က ​ညွန်ကြားချက်တွေ ​ရှိတယ်ဆိုပြီး ​သြစတြေးလျ ​ရဲတွေက ​မွတ်စလင်တချို့ကို ​ဖမ်းဆီးပြီးနောက် ​သြစတြေးလျမှာ ​မွတ်စလင်လူမျိုးတွေကို ​ဆန့်ကျင်မှုတွေ ​ပိုများပြားလာနေပါတယ်။

မွတ်စလင်ကို ​ဆဲရေးတိုင်းထွာ ​ပြုလုပ်ထားတဲ့ ​အရေးအသားတွေ ​နံရံမှာ ​ရေးသားထားပြီး ​မွတ်စလင်တွေကို ​ခြိမ်းခြောက်ထားတဲ့ ​အရေးအသားတွေ၊ ​ပြောဆိုမှုတွေ ​ပိုများလာပါတယ်။

အဲဒီလို ​ဖြစ်ပေါ်ပြီးနောက် ​သြစတြေးလျ  ​ပြည်နယ် ​ဝန်ကြီးချုပ်တွေကလည်း ​အကြမ်းဖက်မှုမှာ ​မွတ်စလင် ​အနည်းငယ်သာ ​ပါဝင်တဲ့အတွက် ​တခြား ​အပြစ်မဲ့တဲ့ ​မွတ်စလင်တွေကို ​ပစ်မှတ်မထားဖို့ ​ပြည်သူတွေကို ​ပန်ကြား ​ထားပါတယ်။

အခုဆိုရင် ​အကြမ်းဖက်မှုကို ​တိုက်ဖျက်ဖို့အတွက် ​ဥပဒေအသစ်တွေ ​ချမှတ်ပေးဖို့ ​ရဲတွေက ​တောင်းဆိုထားပါတယ်။

အဲဒီဥပဒေအရ ​အကြမ်းဖက်သမားလို့ ​သံသယရှိသူတွေကို ​၁၄ ​ရက်ကြာ ​ထိန်းသိမ်းခွင့်ပြုဖို့နဲ့ ​အစွန်းရောက်ဝါဒီအကြောင်း ​ဟောပြောတဲ့ ​မွတ်စလင် ​ဘာသာရေးခေါင်းဆောင်တွေကို ​ငါးနှစ်အထိ ​ထောင်ဒဏ် ​အပြစ်ပေးနိုင်ဖို့ ​ရဲတွေက ​တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ​အဲဒီလို ​ဥပဒေကို ​အသုံးပြုပြီး ​ဖမ်းဆီးမှုတွေ၊ ​ညင်းပမ်းနှိပ်စက်မှုတွေ ​ဖြစ်လာမှာကို ​စိုးရိမ်တဲ့အတွက် ​နိုင်ငံရေးသမားတွေက ​ဥပဒေအသစ် ​ချမှတ်ဖို့ ​သင့်မသင့် ​စဉ်းစားနေကြပါတယ်။

လုံခြုံရေးဥပဒေအသစ် ​မူကြမ်းကို ​ဒီတပတ်အတွင်း ​လွှတ်တော်မှာ ​တင်သွင်းဖို့ရှိပါတယ်။

တချို့ပညာရှင်တွေကတော့ ​အဲဒီဥပဒေကို ​ချမှတ်လိုက်ရင် ​သာမာန် ​မွတ်စလင်တွေပါ ​ပစ်မှတ်ထားခံရနိုင်ပြီး ​အဲဒီကနေတဆင့် ​စိတ်ဝမ်းကွဲမှုတွေ ​ဖြစ်ပြီး ​အစွန်းရောက်မှုတွေ ​ပိုများလာနိုင်တယ်ဆိုပြီး ​စိုးရိမ်နေကြပါတယ်။

အခုလောလောဆယ် ​ပြည်နယ်ခေါင်းဆောင်တွေကတော့ ​မွတ်စလင်တွေကို ​သူတို့ပြည်နယ်မှာ ​ကြိုဆိုနေဆဲဖြစ်ကြောင်း ​သူတို့ရဲတွေကိုလည်း ​မွတ်စလင်တွေ ​ပစ်မှတ်ထားမခံရအောင် ​ကာကွယ်မှုတွေ ​လုပ်ဖို့လည်း ​ညွန်ကြားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-22/1370815

သြစတြေးလျ နိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့အတွက် တပ်လှန့်မှု အဆင့်တိုးမြှင့်ထားသလို လုံခြုံရေးတွေလည်း ပိုတင်းကြပ်ထားပါတယ်။ (Credit: ABC)

သြစီမှာ မွတ်စလင် ဆန့်ကျင်မှုတွေ များလာ သြစီမှာ မွတ်စလင် ဆန့်ကျင်မှုတွေ များလာ Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.