ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းတပ် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့တွေနဲ့ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော်အကြား ဒီမနက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတယ်လို့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာ ခန်းတကားကျေးရွာမှာ ဒီမနက်စောစောပိုင်းက ပစ်ခတ်တိုက်ခိုက်ကြတာလို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သူက “အက်စ်အက်စ်အေ တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေဟာ ဒီမနက် ၆ နာရီမှာ စဖြစ်ပါတယ်။ အခု ဖြစ်နေဆဲပါပဲ” လို့ မနက် ၁၀ နာရီခွဲမှာ ဒီဗွီဘီကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
ပြည်ထောင်စုအဆင့် သဘောတူညီချက်အရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အခြေချနေတဲ့ ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာမှာ တိုက်ပွဲဖြစ်တာလို့ သူက ပြောပါတယ်။

“အဲဒီထဲမှာ ကျနော်တို့က မြို့ပြစီမံကိန်း လုပ်နေတာ ရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေထိုင်ဖို့အတွက်ပေါ့။ ဒါကတော့ အစိုးရနဲ့ ကျနော်တို့ လုပ်နေတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းက အစိုးရနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေတဲ့နေရာ ဖြစ်ပါတယ်။ အထူးအားဖြင့် အစိုးရက ချပေးတဲ့ စီမံကိန်းအရ ပရောဂျက်နဲ့ လုပ်တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အစိုးရက သူ့အနေနဲ့ ဆောင်ရွက်ပေးရမယ့်ဟာတွေ ရှိမှာပေါ့လေ” လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားဖြစ်တဲ့ ပြဿ နာကို အချင်းချင်း ဆွေးနွေးညှိနှိုင်း လိုတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့တုန်းကလည်း အဲဒီဒေသမှာ အက်စ်အက်စ်အေက ပီအန်အယ်လ်အိုအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီကိစ္စကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဝင် ခွန်မြင့်ထွန်းက ယူအန်အက်ဖ်စီ ညီလာခံမှာ တင်ပြခဲ့ရာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ လမ်းညွန်ခဲ့တယ်လို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “အဲဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားအောင် ကျနော်တို့လည်း ဆုံးဖြတ်ချက်ချထားပါတယ်။ ကျနော်တို့ အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့မှ သွားဆွေးနွေးမယ်။ တတ်နိုင်သမျပေါ့ဗျာ၊ တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြားမှာ ပြဿ နာဖြစ်လာရင် မကြီးကျယ်ဖို့ပေါ့လေ။ ပိုပြီးတော့ ကြီးကျယ်မသွားဖို့နဲ့ အားလုံးပြေလည်နိုင်ဖို့ ညှိနှိုင်းယူတဲ့ပုံစံမျိုးကို ကျနော်တို့က ကျင့်သုံးဖို့ပေါ့ဗျာ ဆန္ဒရှိပါတယ်။ အစီအစဉ်ရှိပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်ပြန်လည် ထူထာင်ရေး ကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က သြဂုတ် ၂၃ ရက်နေ့စွဲနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းထံ ပေးပို့စာမှာ သူတို့ အုပ်ချုပ်ရေးနယ်မြေအတွင်းက ပီအန်အယ်လ်အေ တပ်တွေ ဆုတ်ခွာပေးဖို့ အကြောင်းကြားခဲ့ပါတယ်။

ဒီစာမှာ အစိုးရက ပအိုဝ်းအမျိုးသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးထားပြီးဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး သွားရောက်အခြေချဖို့နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အုပ်ချုပ်ရေးနယ်မြေထဲကနေ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒီအကြောင်းကြားချက်အပြီး ၁၁ ရက်အကြာမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူထံကို သြဂုတ် ၂၄ ရက်နေ့က သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တွေကို လှုပ်ရှားခွင့် မပြုကြောင်းကို ရှင်းလင်း အကြောင်းကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မတ်လမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေရးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ပီအန်အယ်လ်အိုအတွက် သတ်မှတ်ပေးထားတဲ့ လှုပ်ရှားနယ်မြေအတွင်း တခြား လက်နက်ကိုင်အင်အားစုတွေ ၀င်ရောက်လှုပ်ရှားမှုရှိရင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီက ကူညီဖြေရှင်းပေးဖို့ဆိုတဲ့ သဘောတူညီချက် တရပ် ပါဝင်ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/64138

အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းတပ် တိုက်ပွဲဖြစ်ပွား ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းတပ် တိုက်ပွဲဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:11 Rating: 5
Powered by Blogger.