အမှန်သိချင်ရင် စုံစမ်းရေးသားနိုင်တယ်လို့ ဝန်ကြီးပြော

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိချင်ရင် မီဒီယာတွေ အနေနဲ့ စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီနေ့ ပြောကြား လိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်နဲ့အတူ ကျမ်းသစ္စာကျိန်ဆိုအပြီး မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ဝန်ကြီးဦးရဲထွဋ်က အခုလို ပြောကြားခဲ့တာပါ။

"ကျနော့်ရဲ့ ပိုင်ဆိုင်မှုကို သိချင်လို့ရှိရင် ဥပဒေကြောင်းအရ တောင်းဆိုမှပဲရမယ်၊ ဆိုပါစို့ ခင်ဗျားတို့ အဂတိလိုက်စားမှု ကော်မရှင်ကို ခင်ဗျားတို့ အထောက်အထားရှိရင်တိုင်၊ ဒါမှမဟုတ် ကျနော်အဂတိလိုက်စားတယ် ထင်လို့ရှိရင် ခင်ဗျားတို့ Eleven အနေနဲ့ ဖွင့်ချပြီးတော့ရေး၊ အဲ့ဒီအခါကျရင် ကျနော်ဥပဒေဘက်ကနေ ရင်ဆိုင်ဖို့အသင့်ပဲ၊ ဥပဒေအရမဟုတ်ဘဲ ကျနော်လည်း ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့မှ Eleven Media အုပ်စုထဲမှ အစုရှယ်ယာတွေ ဘယ်သူပါသလဲ၊ နေ့စဉ်အရှုံးခံမထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေပါသလဲလို့ ကျနော်မေးဖူးရင် ဘယ်တရားမလဲ၊ ဒါခင်ဗျားတို့ရဲ့ လုပ်ပိုင်ခွင့်ပဲကိုး၊ ဒါကြောင့်မို့ ကျနော်တောင်းဆိုရင်လည်း မတရားဘူး၊ ခင်ဗျားတို့လည်း အဲ့လိုရေးနေမယ့်အစား ကျနော်တို့ပစ္စည်းတွေကို ထုတ်ပြပြီးတော့ လိုအပ်တဲ့ အကြောင်းအခြင်းအရာတွေရှိရင် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်း တိုင်နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း Investigate Journalism အနေနဲ့ စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျနော့်ကို ရေးနိုင်ပါတယ်၊ မှန်ရင်လည်း ကျနော်ခံသွားမှာပေါ့၊ မမှန်ဘူးဆိုရင်လည်း ကျနော် ဥပဒေအကာအကွယ်ယူပြီး ကာကွယ်မှာပေါ့"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ခဲ့တဲ့ အလဲဗင်းသတင်းစာပါ '' ဦးရဲထွဋ်တုံ့ပြန်၍ ဦးခင်အောင်မြင့် ကိုယ်စား ကျွန်တော်ပြောချင်သည်'' ဆောင်းပါးမှာ ဝန်ကြီးဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အမှန်သိချင်ရင် စုံစမ်းရေးသားနိုင်တယ်လို့ ဝန်ကြီးပြော အမှန်သိချင်ရင် စုံစမ်းရေးသားနိုင်တယ်လို့ ဝန်ကြီးပြော Reviewed by သစ်ထူးလွင် on 05:00 Rating: 5
Powered by Blogger.