ထိုင်းတွင် အလုပ်သမားကတ်လုပ်ရန် ၀င်လာသည့် မြန်မာ ၂၄ ဦး ဖမ်းမိ

ထိုင်းနိုင်ငံအနောက်ပိုင်း ရပ်ခ်ျဘူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်မြို့နယ်ဘက်ကနေ အလုပ်သမားကတ်လာလုပ်ဖို့  တရားမ၀င် ၀င်ရောက်လာသူ ၂၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူတွေ ရှိကြောင်း သတင်းပေးချက်အရ သူတို့တတွေကို စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းအချိန် ဆွန်ဖိန့်မြို့နယ် တကိုလန်ရွာက ပျဉ်ထောင်အိမ်ဟောင်းတလုံးထဲမှာ သွားဖမ်းခဲ့တာလို့ ဆွန်ဖိန့်မြို့မရဲစခန်းရဲ့ စခန်းမှူး အုဒုမ်း မိုင်ဆဒ်ဆီက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်တွေ အရ သူတို့တတွေဟာ ရပ်ခ်ျဘူရီခရိုင်ထဲမှာ သြဂုတ်လ ၄ ရက်ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ အလုပ်သမားမှတ်ပုံ တင်လုပ်ပေးနေကြောင်း သတင်းရရှိတဲ့အတွက် ပွဲစားနဲ့ လက်မှတ်လုပ်ဖို့ ၀င်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၂၄ ဦးမှာ အမျိုးသား ၁၅ ဦး နဲ့ အမျိုးသမီး ၉ ဦးတို့ဖြစ်ကြပြီး အသက် ၁၉ နှစ်ကနေ ၃၇ နှစ်ထိရှိကြောင်း သူတို့ကို တရားမ၀င်ဝင်ရောက်လာမှုနဲ့ အရေးယူဖို့ ဆွန်ဖိန့်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စခန်းမှူးရဲ့အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64062

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ – manager.co.th)

ထိုင်းတွင် အလုပ်သမားကတ်လုပ်ရန် ၀င်လာသည့် မြန်မာ ၂၄ ဦး ဖမ်းမိ ထိုင်းတွင် အလုပ်သမားကတ်လုပ်ရန် ၀င်လာသည့် မြန်မာ ၂၄ ဦး ဖမ်းမိ Reviewed by သစ်ထူးလွင် on 09:38 Rating: 5
Powered by Blogger.