ရုရှကို ပြင်သစ်စစ်သင်္ဘာပေးပို့ရေး ဆိုင်းငံ့ထား

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ စစ်ရေး ပါဝင်ပတ်သက်မှုတွေကြောင့် ဥရောပရဲ့အခြေခံ လုံခြုံရေးကို ထိခိုက်စေတယ် ဆိုပြီး ပြင်သစ်အစိုးရက ရုရှားကို ရောင်းဖို့ သဘောတူထားတဲ့ မစ်စထရယ် တိုက်ခိုက်ရေးရေယာဉ်အမျိုးအစား စစ်သင်္ဘာ နှစ်စင်းထဲက ပထမ တစင်း ပေးပို့မှာကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ပြင်သစ်က ဒီရဟတ်ယာဉ်တင် စစ်သင်္ဘာ နှစ်စင်းကို တစ် ဒဿမ ခြောက် ဘီလျံ ဒေါ်လာနဲ့ ရောင်းဖို့ ရုရှားတို့နဲ့ သဘောတူထားခဲ့တာဖြစ်ပြီး ပထမတစင်းကို လာမယ့် အောက်တိုဘာလနှောင်းပိုင်းမှာ ပေးပို့ဖို့ နဲ့ ဒုတိယတစင်းကို နောက်နှစ်မှာ ပို့ပေးဖို့ စီစဉ်ထားခဲ့တာပါ။

ဒီလို ရုရှတို့ကို စစ်သင်္ဘာရောင်းဖို့ သဘောတူထားနဲ့ပတ်သက်လို့ ပြင်သစ်အပေါ်အမေရိကန်နဲ့ တခြားအနောက်အုပ်စု နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပေမယ့် ပြင်သစ် အစိုးရက အခုချိန် မတိုင်ခင်အထိ လက်မခံဘဲနေခဲ့တာပါ။

အခုတော့ ယူကရိန်းမှာ ရုရှားရဲ့ လုပ်ရပ်တွေကြောင့် အခုအချိန်ဟာ စစ်သင်္ဘာတွေ တင်ပို့ဖို့ အတွက် မှန်ကန်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ ပြင်သစ် သမ္မတ Hollande ရဲ့ သမ္မတရုံးက ဖေါ်ပြခဲ့ပါတယ်။

ပြင်သစ်အစိုးရအနေနဲ့ အကြီးအကျယ် စိတ်ပြောင်းပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပဲရစ်စ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရုရှားတို့ကတော့ ဒီ ဆုံးဖြတ်ချက်ဟာ မလျော်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စစ်သင်္ဘာပေးပိုဖို့ ရပ်ဆိုင်းထားတာဟာ ဘယ်လောက်ကြာမယ်ဆိုတဲ့ အသေးစိတ်ကို ပြင်သစ်တို့က မပြောပေမယ့် အခုလို နေတိုးထိပ်သီးဆွေးနွေးပွဲ မစခင် တရက်အလို မှာ ဒီလို ဆိုင်းငံ့လိုက်တာကြောင့် ရုရှားတို့ကို အထိနာစေမယ့် ထိုးနှက်ချက်တခုဖြစ်လို့ ဘီဘီစီ ကာကွယ်ရေးနဲ့ သံတမန်ရေးရာ သတင်းထောက် ဂျိုနသန်မားကပ်စ်က သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140904_ukrainerussia.shtml

ရုရှားကို စစ်သင်္ဘာရောင်းဖို့ သဘောတူခဲ့ချိန်က ယူကရိန်းပြည်သူတွေ ပြင်သစ်ကိုကန့်ကွက်ဆန္ဒပြ

ရုရှကို ပြင်သစ်စစ်သင်္ဘာပေးပို့ရေး ဆိုင်းငံ့ထား ရုရှကို ပြင်သစ်စစ်သင်္ဘာပေးပို့ရေး ဆိုင်းငံ့ထား Reviewed by သစ်ထူးလွင် on 08:39 Rating: 5
Powered by Blogger.