သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေတဲ့ အရှင်ဦးဝီရသူက သီရိလင်္ကာနိုင်ငံက Bodu Bala Sena (BBS) အဖွဲ့ဒါမှမဟုတ် Buddhist Force လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အဖွဲ့နဲ့ ပူးပေါင်းပြီး ဗုဒ္ဓဘာသာကို ကာကွယ်သွားမယ်လို့ ပြောလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်၊ မနေ့တုန်းက သံဃကောင်စီ အစည်းအဝေးကြီး ကျင်းပခဲ့တာဖြစ်ပြီး အရှင်ဦးဝီရသူကလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ ခြိမ်းခြောက်မှု ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံက ၉၆၉ အဖွဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံက BBS အဖွဲ့နဲ့ ပူးပေါင်းမှုတွေ လုပ်သွားမယ်လို့ လူပေါင်း ၅၀၀၀ ဆန့်တဲ့ ဘောလုံးကွင်းအတွင်းမှာ အရှင်ဦးဝီရသူက ပြောခဲ့တာပါ။
အဲဒီဘောလုံးကွင်းအတွင်း သံဃာတော်တွေနဲ့ တချို့ပြည်သူတွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။
ဦးဝီရသူရဲ့ သီရိလင်္ကာနိုင်ငံခရီးစဉ်အတွင်း သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ပြဿနာ ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ သီရိလင်္ကာနိုင်ငံက မွတ်စလင်ကောင်စီက သူတို့အစိုးရကို တောင်းဆိုခဲ့ပါတယ်။
မွတ်စလင်အစွန်းရောက်သမားတွေက ပြည်ဝင်ခွင့်မပေးဖို့ တောင်းဆိုတဲ့ကြားကပဲ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ သမ္မတကို ကျေးဇူးတင်ကြောင်း အရှင်ဦးဝီရသူက ပြောပါတယ်။
ဂျီဟတ်အဖွဲ့တွေကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ပြောသွားခဲ့ပြီး စေတီပုထိုးတွေလည်း ဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မီဒီယာအဖွဲ့အစည်းတွေနဲ့ ကမ္ဘာမှာ အာဏာရှိသူတွေက စက်မှုတွေကို အသုံးပြုပြီး ဗုဒ္ဓဘာသာအပေါ် ဆန့်ကျင်မှုတွေ လုပ်နေကြတယ်လို့လည်း အရှင်ဦးဝီရသူက ပြောပါတယ်။
BBS အဖွဲ့ဟာ သီရိလင်္ကာနိုင်ငံက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာအကြား ပြဿနာဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးတဲ့ အဖွဲ့ ဖြစ်တယ်လို့ စွပ်စွဲခံနေရသလို၊ မြန်မာနိုင်ငံက ၉၆၉ အဖွဲ့ဟာလည်း မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာအကြား သွေးထိုးလှုံ့ဆော်ပေးတဲ့ အဖွဲ့အဖြစ် စွပ်စွဲခံနေရကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-29/1373291

(Credit: ABC) |
၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦးဝီရသူဆို
Reviewed by သစ်ထူးလွင်
on
09:01
Rating: