ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ရှေ့ဆက် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အတွက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ လူနည်းစု မွတ်စလင် လူ့အဖွဲ့အစည်းနဲ့ ဆွေးနွေး နေထိုင်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar က တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ မြို့ခံလူကြီးတွေနဲ့ ပြည်နယ် ECC ရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးစဉ် Mr. Vijay Nambiar က ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေအနေနဲ့ လူနည်းစု မွတ်စလင် လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မေတ္တာရပ်ခံလိုကြောင်း ပဋိပက္ခတွေမဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီတွေ ဆောင်ရွက်ပေးရာမှာ ဘက်လိုက်မှုရှိတယ်ဆိုတဲ့ အမြင်မျိုးတွေ မဖြစ်ပေါ်ရအောင် အတတ်နိုင်ဆုံးသတိထားပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စစ်တွေမြို့ခံ လူကြီးတွေဘက်ကတော့ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်လာတဲ့ မွတ်စလင်တွေနဲ့သာ တွေ့ဆုံဆွေးနွေးနိုင်မှာဖြစ်ကြောင်း Mr. Nambiar ကို အကြံပြုပြောဆိုခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ကုလ အထူးကိုယ်စားလှယ် စစ်တွေမြို့ လူကြီးများနဲ့ဆွေးနွေး
Reviewed by သစ်ထူးလွင်
on
21:18
Rating: