အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အဆင့်မြင့်ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ဒီကနေ့ ပြောပါတယ်။
ရန်ကုန်မြို့ သာကေတစက်မှုဇုန်မှာရှိတဲ့ ဒီဇယ်အင်ဂျင်သုံးအကြီးစား စက်ယန္တရားတွေ ထုတ်လုပ်ပြင် ဆင်တဲ့ အမေရိကန်ကုမ္ပဏီ Caterpillar အလုပ်ရုံသင်တန်းကျောင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Charles Rivkin က အခုလိုပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံသွားရာမှာ ရန်ကုန်မြို့ တစ်နေရာထဲမှာတင်မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့မှာပါ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်လို့ Charles Rivkin က ပြောပါတယ်။
အမေရိကန် အကြီးစားစက်ယန္တရားကုမ္ပဏီ Caterpillar ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားအမျိုးသမီးတွေကို စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးမယ့် စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေကြောင်း ရှင်းပြခဲ့ပါတယ်။
အမေရိကန်ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိ နေပြီဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည်မှာလည်း ဆိုလာကနေ လျှပ်စစ်ထုတ်လုပ်မယ့် စက်ရုံ ၂ ခုကို တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာသန်း ၄၈၀ အသုံးပြုသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

အဆင့်မြင့်ရင်းနှီးမြုပ်နှံမှုတွေ အမေရိကန်ဆက်လက်သွားမည်
Reviewed by သစ်ထူးလွင်
on
03:56
Rating: