မိုင်းဆတ်တွင် ကျပ်သိန်း ၆ သောင်းကျော်ဖိုး မူးယစ်ဆေးများ ဖမ်းဆီးရမိ

 ရှမ်းပြည်အရှေ့အပိုင်း မိုင်းဆတ်ခရိုင်ထဲမှာ ကျပ်သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ရဲတပ်ဖွဲ့စု အမှတ် ၃၀ က တပ်ဖွဲ့ဝင်တွေဟာ ခမရ ၅၈၀ တပ်ရင်းနဲ့ ပူးပေါင်းပြီး သြဂုတ် ၁၀ ရက်နေ့က စတုံးကျေးရွာအုပ်စု မယ်ကြုတ် ၂  ကျေးရွာအနီး လျှိုမြောင်ထဲမှာ ၀ှက်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေပါ ပိုင်ရှင်မဲ့အနေနဲ့ ဖမ်းမိခဲ့တာလို့  တာချီလိတ်ခရိုင် မူးယစ်အထူးရဲတပ်ဖွဲ့က ရဲအုပ်အောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၆၄၁၇၇ သိန်းကျော်ရှိပြီး ရာဘမြင်းဆေး၊ ဘိန်းဖြူ၊ ဘိန်းစိမ်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးရည်၊ တံဆိပ်တုံး၊ မင်အိုး၊ မွှေစက်၊ ကပ်ခွာအိတ်နဲ့ ဖယောင်းစက္ကူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဇူလိုင်လ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက် ဆောင်ရွက်ခဲ့တဲ့ နောက်ပိုင်း ပမာဏ အများဆုံး ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ကလည်း မိုင်းဆတ်ကနေ တာချီလိတ်ဘက် ၀င်လာတဲ့ ကားတစီးပေါ်မှာ ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံးတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဒီနောက် ၂ ရက်အတွင်းမှာ မိုင်းဆတ်ခရိုင် မိုင်းတွမ်းကျေးရွာအုပ်စုထဲမှာ ကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေပါ ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ပါတယ်။

အခုလို အရှိန်အဟုန်မြင့် စစ်ဆေးဖမ်းဆီးနေပေမယ့် ဒေသထဲမှာ မူးယစ်ဆေးတွေ ပပျောက်သွားပြီလို့တော့ အတတ်မပြောနိုင်ကြောင်း၊  မိမိတို့ တာဝန်ဝတ္တရားအရ ဆက်လက် နယ်မြေ ရှင်းလင်းစစ်ဆေးသွားမှာဖြစ်ပြီး ပစ္စည်းပိုင်ရှင်နဲ့ ကုန်ကြမ်းရင်းမြစ်တွေပါ သိရဖို့ ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲအုပ်အောင်ကျော်စိုးက ပြောပါတယ်။

သူတို့ မူးယစ်ရဲတပ်ဖွဲ့အနေနဲ့ တဘက်က ဖမ်းဆီးအရေးယူ ဆောင်ရွက်နေသလို တဘက်ကလည်း ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရပ်ရွာဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်တဲ့ ပညာပေးဟောပြောပွဲတွေလည်း အခါအားလျော်စွာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ၁၉၉၀ – ၂၀၀၀ ကနေ ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ် စီမံကိန်း ချမှတ်ထားရာက ပြီးခဲ့တဲ့နှစ်မှာတော့ စီမံကိန်းကာလ နောက်ထပ် ၅ နှစ် တိုးမြှင့်ခဲ့သလို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၅၅ ဖွဲ့ကို ဖွဲ့စည်းပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/62113


မိုင်းဆတ်တွင် ကျပ်သိန်း ၆ သောင်းကျော်ဖိုး မူးယစ်ဆေးများ ဖမ်းဆီးရမိ  မိုင်းဆတ်တွင် ကျပ်သိန်း ၆ သောင်းကျော်ဖိုး မူးယစ်ဆေးများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 16:39 Rating: 5
Powered by Blogger.