ရေတာရှည် သြဂုတ် ၁၁
တောင်ယာတွင် စိုက်ပျိုးထားသည့် စပါးခင်းကို ကျွဲဝင်စားသည့် ကိစ္စဖြင့် အလုပ်သမား အချင်ချင်း စကားများရာက လူသတ်မှုတစ်ခု သြဂုတ်လ(၇)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့မရဲစခန်းအပိုင် စကွေးအုပ်စု၊ နွယ်ပြတ်ကျေးရွာ အနောက်မြောက် ပနော်လျှို လယ်တဲထဲ တွင် ဖြစ်ပွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အလုပ်ရှင်၏ကျွဲက သနပ်ခုံကျေးရွာနေ ကိုစိုးမြင့်ပိုင်ဆိုင်သည့် စပါးခင်းကို ဝင်စားသည့်အတွက် ကိုဖိုးအေးနှင့် ကိုသန်းဦးတို့ အလုပ်သမားနှစ်ဦး သူ့ကြောင့် ငါ့ကြောင့်စကားများ ရာက ဖိုးအေးမှ သန်းဦးကို တဲပေါ်မှကန်ချခဲ့သည်။
ထို့နောက် သန်းဦးမှ ဒေါသ ထွက်ကာ တဲအောက်၌ရှိသော ပေါက်တူးရိုးဖြင့် ရိုက်ခဲ့ပြီး ဓားမြှောင်ဖြင့် ထပ်မံထိုးခဲ့သည့်အတွက် ဖိုးအေးတွင် နဖူးရှေ့ဦးခေါင်းကြေမွ ဒဏ်ရာ ယာဘက် ရင်ညွန့် ထိုးသွင်းဒဏ်ရာ၊ မေးစေ့အောက်ပြတ်ရှဒဏ်ရာ၊ ဝဲရင်ဘတ် ပွန်းခြစ်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။ ပြစ်မှုကျူးလွန်သူ သန်းဦး (ခ)မွှေးနီ(ခ)ကိုမင်းကို ကလန်းကျေးရွာအနီး ကလီတဲစုအနီးရှိ စက်လှေဆိပ်တွင် စခန်းမှူး ဒုရဲမှူးကျော်ဇေယျဦးစီးသည့် တပ်ဖွဲ့ဝင်များ က တွေ့ရှိဖမ်းဆီးနိုင်ခဲ့ ၍ ရေတာရှည်မြို့မရဲစခန်းက (ပ)၂၂၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

စပါးခင်းအတွင်း ကျွဲဝင်စားသည့် ကိစ္စစကားများရမှ လူသတ်မှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
16:50
Rating: