ပလက်ဝတွင် ပုဂ္ဂလိကဘဏ်မရှိခြင်းကြောင့် အဝေးရောက်သူများ ငွေလွဲရာတွင်အခက်ကြုံ

ရန်ကုန်၊ သြဂုတ် ၁ ---

 ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲမှလွဲ၍ အခြား ဘဏ်ကြီးများဖြစ်သော CB Bank ၊ KBZ Bank ၊ AGD Bankများ ရှိမနေခြင်းကြောင့် နိုင်ငံခြားနှင့် အဝေးရောက် အလုပ်လုပ်သူများအတွက် ငွေလွဲရာတွင် အလွန်ပင်အခက်အခဲ ကြုံတွေ့ရကြောင်း မလေးရှားတွင် အလုပ်လုပ်နေသော အိုက်ဂျွန်လွင်မှ ပြောသည်။

“အရမ်းနစ်နာတယ်။ ဘယ်အချိန်မှဖွင့်နိုင်မလဲ့မသိဘူး။ မကြာတော့တဲ့အချိန်မှာ ဖွင့်လှစ်နိုင်ရင် နိုင်ငံခြားရောက်သူတွေ ငွေလဲနှုန်းမှန်ကန်ပြီး၊ စိတ်ချလက်ချပို့နိုင်မယ်။ မြန်မာဆိုင်ကနေ ပို့တာနဲ့ IME (Internationl Money Express) ကနေပို့တာငွေဈေးအမြဲ (၃) ကျပ်ပိုကွာနေတယ်။ တကယ်လို့ KBZ ဘဏ်ရှိခဲ့မယ်ဆိုရင် IME ပို့ရင်ချက်ချင်း (၁၅) မိနစ် အတွင်းထုတ်ယူနိုင်မယ်။ အခုတော့မြန်မာဆိုင်ကနေပို့လိုက်ရင် ပလက်ဝ မြန်မာ့စီးပွားရေး ဘဏ်မှာတစ်ပတ်လောက်မှထုတ်ယူလို့ရတယ်လို့သိရတယ်။ တစ်ခါတလေကျတော့ မြန်မာစီးပွားရေး ဘဏ်မှာငွေမရှိလို့စောင့်ရတဲ့ အချိန်လည်းများနေတယ်ဆိုပဲ” ဟု ယင်းက ပြောသည်။

အကယ်၍ IME ဖြင့် ငွေလွဲပါက ရခိုင်ပြည်နယ်၊ စစ်တွေအထိ ငွေသွားထုတ်ရခြင်းကြောင့် အသွားအလာစာရိတ်နှင့် တည်းခိုစရိတ်မနည်းကုန်ကျရကြောင်း သိရသည်။

ပလက်ဝမြို့တွင် နိုင်ငံတကာနှင့်ချိတ်ဆက်ငွေလွဲပို့နိုင်သော IME နှင့် Western Union ကဲ့သို့ Service ပေးနိုင်သောဘဏ်မျိုးရှိပါက ပြည်တွင်း၊ပြည်ပနိုင်ငံတကာမှ နေ့ချင်းတွင်း ငွေလွဲထုတ်နိုင်မည်ဖြစ်ရာ လူငယ်အများစု နိုင်ငံခြားသွား အလုပ်လုပ်သည့် ပလက်ဝမြို့နယ်မှ မိဘများအတွက်လည်း အဆင်ပြေချောမောစေမည် ဖြစ်သည်။

ချင်းပြည်နယ်တွင် ဟားခါးနှင့် ဖလမ်းမြို့များတွင်သာ Western Union ၊ Money Gram ဖွင့်ထားလျှက်ရှိသေးကြောင်း သိရသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup


ပလက်ဝတွင် ပုဂ္ဂလိကဘဏ်မရှိခြင်းကြောင့် အဝေးရောက်သူများ ငွေလွဲရာတွင်အခက်ကြုံ  ပလက်ဝတွင် ပုဂ္ဂလိကဘဏ်မရှိခြင်းကြောင့် အဝေးရောက်သူများ ငွေလွဲရာတွင်အခက်ကြုံ Reviewed by သစ်ထူးလွင် on 02:07 Rating: 5
Powered by Blogger.