သိမ်းဆည်းလယ်မြေ ပြန်ပေးရေး ရှမ်းတောင်သူတွေ တောင်းဆိုဆန္ဒပြ

 ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ အေးသာယာ မြို့သစ်မှာ ရာနဲ့ချီတဲ့ တောင်သူတွေ ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ရှမ်းပြည်နယ် တောင်သူ လယ်သမား ရေးရာ ကော်မတီ အဖွဲ့ဝင် ဦးတင်ရွှေ က အခုလို ပြောပါတယ်။

"ကျနော်တို့ ရည်ရွယ်ချက်က မြေယာဥပဒေ၊ မြေသိမ်းဥပဒေတွေနဲ့ ဆန့်ကျင်ပြီးသိမ်းထား တဲ့ မြေတွေပေါ်မှာ တာဝန်ရှိတဲ့လူတွေကို ကျနော်တို့ တရားစွဲဖို့ အစီအစဉ်ကို ကျနော်တို့ တိုင်ပင်ထားပါတယ်၊ ဒါက ကျနော်တို့က ဒီမြေရရှိရေးအတွက်ကို ကျနော်တို့က နည်းလမ်းပေါင်စုံနဲ့ ကြိုးစားနေမယ်၊ ကျနော်တို့ရဲ့ တောင်သူတွေဟာ နှစ်ပေါင်းများစွာ ဆုံးရှုံးနေရတာကို ဒီရက်ပိုင်းအတွင်းမှာတောင်းဆိုတာ ကျနော်တို့ အပြင်းအထန်တောင်းဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုတော့မှာပဲ"

ဒီနေ့ ဆန္ဒပြပွဲမှာ ရွှေညောင်၊ ဟဲဟိုး၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်၊ ဘုရားဖြူ၊ တောင်နီ ၊ ကျောက်နီ၊ ကွမ်လုံ၊ ရေပူ၊ ညို့မီး၊ နောင်ကား၊ စတဲ့ဒေသတွေက ပအိုဝ်း၊ ဓနုနဲ့ ရှမ်းတောင်သူ ၅၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

တပ်မတော်အစိုးရလက်ထက်က တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေနဲ့ ကျောက်တလုံးကြီး မြို့နယ်တွေက လယ်ယာမြေဧက ၆၀၀၀ ကျော်ကို တပ်မတော်၊ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြတောင်သူတွေဟာ တောင်ကြီးမြို့အဝင်မုဒ်ဦးကနေ အေးသာယာစက်မှုဇုန်အထိ ၁ နာရီ ကျော်ကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အေးသာယာစက်မှုဇုန် ခန်းမရှေ့အရောက်မှာ ဆန္ဒပြပွဲဦးဆောင်သူတွေက သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


သိမ်းဆည်းလယ်မြေ ပြန်ပေးရေး ရှမ်းတောင်သူတွေ တောင်းဆိုဆန္ဒပြ  သိမ်းဆည်းလယ်မြေ ပြန်ပေးရေး ရှမ်းတောင်သူတွေ တောင်းဆိုဆန္ဒပြ Reviewed by သစ်ထူးလွင် on 22:32 Rating: 5
Powered by Blogger.