မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ၊ ဆရာမများ စားဝတ်နေရေး ခက်ခဲလာ

သြဂုတ် ၂၂ရက်၊ ၂၀၁၄ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်း များတွင် ပညာသင်ကြား ပေးနေသော ဆရာ၊ ဆရာမ များအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ လစာရရှိမှု အခက်အခဲ များကြောင့် စားဝတ်နေရေး ပြဿနာများနှင့် ကြုံတွေ့နေ ရကြောင်း သိရှိရသည်။

ယခင်နှစ်များက မြန်မာရွှေ့ပြောင်းကျောင်းများကို အမေရိကန်၊ ကနေဒါ၊ အီတလီ စသည့်နိုင်ငံများမှ အစိုးရမဟုတ်သည့် အဖွဲ့အ စည်းများ၊ အလှူရှင်များက ပညာရေးနှင့် ပတ်သက်သည့် အထောက်အပံ့များကို ပံ့ပိုးကူညီမှုများ ရှိသော်လည်း ၂၀၁၄ ပညာသင် နှစ်မှ စတင်ကာ အချို့သော အလှူရှင်အဖွဲ့အစည်း ကူညီမှု လုံးဝ ရပ်ဆိုင်းလိုက်သည့်အတွက် အခက်အခဲရှိလာကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC) ဥက္ကဌ ဆရာမကြီးနော်ဖောရေက ပြောသည်။

“မြန်မာပြည်တွင်း နိုင်ငံရေးအပြောင်းအလဲတွေကြောင့် တချို့က ကူညီမှုလျှော့ချလိုက်တာရှိသလို တချို့လည်း လုံးဝ ရပ်ဆိုင်း လိုက်ပြီး ပြည်တွင်းကို ပြန်ဝင်ပြီး အကူအညီပေးတာ ရှိပါတယ်။ တကယ့်ကို အကူအညီ လိုအပ်နေသေးတဲ့ ရွှေ့ပြောင်းကျောင်း တွေကတော့ လည်ပတ်နိုင်ဖို့ကို မနည်းကြိုးစားနေရဆဲ ဖြစ်ပါတယ်”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများအတွက် စာရေးကိရိယာ၊ ကျောင်းသုံးပရိဘောဂနှင့် ကျောင်းဝတ်စုံများ လုံ လောက်မှု မရှိကြောင်း၊ ဆရာ၊ ဆရာမလစာနှင့် ပြန်လည်ပြင်ဆင်ခြင်းများအတွက် အကူအညီများ လိုအပ်နေကြောင်းနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကျောင်းသားမိဘများထံမှ တတ်နိုင်သလောက် အလှူငွေများ ကောက်ခံခြင်း၊ ရန်ပုံငွေရှာဖွေ ခြင်းများဖြင့် ဖြေရှင်းနေရကြောင်းလည်း ဆရာမကြီးနော်ဖောရေက ဖြည့်စွက် ပြောဆိုသည်။

BMWEC ၏ ၂၀၁၃ခုနှစ် စာရင်းအရ ထိုင်း-မြန်မာ မြန်မာရွှေ့ပြောင်းကျောင်း ၇၄ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၈၅၀ကျော်နှင့် ကျောင်းသားကျောင်းသူပေါင်း ၁၅,၀၀၀ကျော် ရှိသည်ဟု သိရသည်။

လက်ရှိ ကြုံတွေ့နေရသည့် လစာအခက်အခဲများအပေါ် မြန်မာရွှေ့ပြောင်းမူလတန်းကျောင်း Future Garden မှ ကျောင်းအုပ် ဆရာမ ဒေါ်နွယ်နီက “ကျမတို့ကျောင်းအနေနဲ့က ပြီးခဲ့တဲ့ ဧပြီလကနေစပြီး ၄လစာ တစ်ပြားမှ မရသေးဘူး။ တချို့ကျောင်းတွေ မှာလည်း အဲလိုပါပဲ။ အဲလိုတွေကြောင့် ကျမတို့လို မိသားစုရှိတဲ့သူတွေ အခက်တွေ့တာပေါ့။ ရေဖိုးမီးဖိုး အိမ်လခ အဲဒါတွေ ဒီလစာအပေါ်မှာ မူတည်တာလေ”ဟု ပြောသည်။

ယခုလို လစာငွေ အခက်အခဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဆရာ၊ ဆရာမ အချို့မှာ မိသားစုရပ်တည်ရေးအတွက် ကျောင်းမှ ထွက်ကာ အပြင်အလုပ် ထွက်လုပ်ကြသူများရှိသလို ကျောင်းသားအများစုမှာလည်း မိသားစု စားဝတ်နေရေး အဆင်မပြေမှုများ ကြောင့် ကျောင်းထွက်လိုက်ရသူများလည်းရှိကြောင်း ဆရာမ ဒေါ်နွယ်နီက ဆက်ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများတွင် ထိုင်းပညာရေးဌာနမှ ခွင့်ပြုထားသော သင်ရိုးညွန်းတမ်းဖြင့် သာ သင်ကြားနေပြီး ထိုင်း၊ မြန်မာဘာသာ အပါအ၀င် ကျောင်း၏ စီမံခန့်ခွဲမှုပေါ် မူတည်ပြီး ကရင်ဘာသာနှင့် မွန်ဘာသာ စသည့် တိုင်းရင်းသားစာပေများကိုပါ ထည့်သွင်းသင်ကြားပေးနေကြောင်း BMWEC က ဆိုသည်။

အလှူရှင်များ၏ထောက်ပံ့မှု လျှော့ကျသွားခြင်းကြောင့် မြန်မာရွှေ့ပြောင်းကျောင်းများ၌ ကျောင်းအရေအတွက်၊ ဆရာ ဆရာမ၊ ကျောင်းသူကျောင်းသားဦးရေ လျှော့ကျသွားပြီး လက်ရှိ ၂၀၁၄ခုနှစ်တွင် ကျောင်းပေါင်း ၆၅ကျောင်း၊ ဆရာ ဆရာမ ၇၀၀ ၀န်းကျင်နှင့် ကျောင်းသားဦးရေ ၁၃,၀၀၀ကျော်သာ ရှိတော့ကြောင်း သိရသည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://www.kicnews.org/


မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ၊ ဆရာမများ စားဝတ်နေရေး ခက်ခဲလာ မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ၊ ဆရာမများ စားဝတ်နေရေး ခက်ခဲလာ Reviewed by သစ်ထူးလွင် on 03:18 Rating: 5
Powered by Blogger.