သြဂတ်စ် ၅ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ တာဝန်ကျ အစိုးရ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိ စရဖ ဗိုလ် အောင်စည်ဝေသည် ယာဘဆေးပြားသုံးပြီး ဒေသခံနှင့် စကားများရာ ဦးခေါင်း၌ ဓါးခုတ်ခံရ ကြောင်း ဒေသအတွင်း သတင်းရပ်ကွက် ပြောသည်။
သြဂတ်စ်လ ၃ ရက်က မိုင်းရှူးမြို့နယ် စရဖ မှူး ဗိုလ်အောင်စည်ဝေနှင့် တပည့်အောင်မျိုးနိုင် တို့ သည် မိုင်းရှူးမြို့အစပ် ပန်စွဲရွာ (မိုင်းရှူး - မိုင်းစန် - ကာလိလမ်း) သို့ရောက်ရှိပြီး ယာဘဆေးပြား လိုက်တောင်းကြောင်း၊ အိမ်ရှင် (ဦး)လုံးကောယန်းက ဆေးပြား၂ ပြား ၀ယ်ပေးခဲ့ကြောင်း၊ ထို့နောက် တယောက်တခွန်း စကားများကြရာမှ အိမ်ရှင် လုံးကောယန်းက ဓါးဖြင့်လိုက်ခုတ်ကြောင်း၊ စရဖ ၂ ဦး ကလည်း ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သောကြောင့် လုံးကောယန်း သေနတ်သုံးချက် ထိမှန်ကာ ထွက် ပြေးလွတ်မြောက်သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
``လုံကောယန်းကပြောတယ်။ ကျနော်မှာ ၂ ပြားဘဲရှိတော့တယ်။ ဗိုလ်လုံထပ်စားချင်သေးရင် ပိုက်ဆံ ပေး ကျနော်ရှာပေးမယ်ပြောတယ်။ ဟိုကလဲ ဗိုက်ဆံမပေးနိုင်ဘူး ဘာညာနဲ့စကားများတယ်။ လုံးကောယန်း ကလဲ စိတ်ဆိုးပြီး ဓါးနဲ့လှမ်းခုတ်တာ။ ဟိုနှစ်ယောက်ကလဲ သေနတ်နဲ့ လှမ်းပစ်တာ။ သုံးချက် ထိတယ်။ မသေဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ လုံးကောယန်းက´´ - ဟု အမည် မဖေါ်လိုသူ တဦးကပြောသည်။
ဓါးခုတ်ခံရသည့် စရဖ ဗိုလ် အောင်စည်ဝေမှာ ဆေးရုံသို့ပို့ဆောင်ဆေးကုရာ ၃၂ ချက်ချုပ် ရကြောင်း၊ ဆေးပြား နှစ်ပြားအမှန်တကယ်သုံးမိကြောင်း ပြောသည်ဟု အမည်မဖေါ်လိုသည့် တပ်အသိုင်းအဝိုင်း ကလည်းပြောသည်။
``သူပြောတာကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကား သုံးစွဲတဲ့သူကို သွားရောက်နှိမ်နင်းပြီး အခုလိုဖြစ်လာတာတဲ့။ ဆေးရုံရောက်တဲ့အထိ စကားပြောနိုင်တယ်။ ကြောင်တော့နည်းနည်း ကြောင် နေတာပေါ့။ ဓါးခုတ်ခံရလို့လား။ ဆေးကြောင်လို့လားတော့မပြောတတ်ဘူး။ ကျနော်တို့ သိတာ တော့ အဲဒီအိမ်သူသွားနေကျပါ။ ဘာဖြစ်လို့ အခုဒီလိုဖြစ်တာလဲမသိဘူး´´
စရဖ ဗိုလ်အား ဓါးဖြင့်ခုတ်ပြီးထွက်ပြေးသွားသည့် လုံးကောယန်း၏ ဇနီး နန်းဆိုင်ခမ်း အား သြဂတ်စ် ၄ ရက်နေ့က တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း၊ အမှတ် ၂ စစ်ဆင်မှု ကွပ်ကဲ ရေးဌာနချုပ် စကခမှူးမှလည်း ဓါးဖြင့်ခုတ်သည့် တရားခံအား မဖမ်းဆီးပေးနိုင်ပါက ပန်စွဲရပ်ကွက် အုပ်ချုပ်ရေးမှူး လုံးစောလုံ အား ဖမ်းဆီးထောင်ချမည်ဟု ခေါ်ယူခြိမ်းခြောက် ထားကြောင်း လုံးစောလုံနှင့် နီးစပ်သူတဦးကပြောသည်။
စရဖ ဗိုလ် အောင်စည်ဝေ အား မိုင်းရှူးပြည်သူ့ဆေးရုံမှ ခိုလမ် (ရလခ စစ်တိုင်းရုံးအခြေစိုက်) စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းသိရှိရပါသည်။
သျှမ်းသံတော်ဆင့်
http://burmese.panglong.org/news/92-2008-08-03-06-48-25/4841-2014-08-05-13-25-01.html
ဓါတ်ပုံ - မိုင်းရှူး မိုင်းစံလမ်းရှိ မြန်မာအစိုးရတပ်

မိုင်းရှူးမြို့ စရဖ ဗိုလ် ဓါးခုတ်ခံရ
Reviewed by သစ်ထူးလွင်
on
21:16
Rating: