၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးမှုများ အကျိုးသက်ရောက်မှု ရှိမည်

 ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေးအတွက် ပြည်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုမှုတွေဟာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အဦးမှာ သတင်းသမားတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"၄၃၆ လက်မှတ်ကမ်ပိန်းလို့လည်း ပြောလို့ရပါတယ်၊ ဒီဟာတွေက လွှတ်တော်အပေါ်ဆိုတဲ့နေရာမှာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးဆိုင်ရာ ကော်မတီပေါ်မှာ အကျိုးသက်ရောက်မှုရှိမှာပါ၊ မိမိတို့လွှတ်တော်က ဖော်ဆောင်ထားတဲ့ ဆောင်ပုဒ်ရှိပါတယ်၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်ဆောင်ရွက် ဆိုတဲ့ ဆောင်ပုဒ် သို့မဟုတ် မူဝါဒတွေနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်၊ ပြည်သူများရဲ့ အသံကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားဆောင်ရွက်နိုင်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်"

နာယက သူရဦးရွှေမန်းက တချို့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေ ပြောနေသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်သွားမှာမဟုတ်သလို နိုင်ငံနဲ့ လွှတ်တော်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်တိုးဖို့ကိုသာ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သူရဦးရွှေမန်းက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့လည်း တွေ့ဆုံခဲ့ပြီး သူ့ကို အမေရိကန်လွှတ်တော်ကို လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း ၊ အရင်ကတည်းက အမေရိကန် လွှတ်တော်နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် အမေရိကန်အစိုးရဖက်က ဖိတ်ကြားတာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးမှုများ အကျိုးသက်ရောက်မှု ရှိမည်  ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးမှုများ အကျိုးသက်ရောက်မှု ရှိမည် Reviewed by သစ်ထူးလွင် on 21:58 Rating: 5
Powered by Blogger.