လင်းခေး သြဂုတ် ၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့နယ်တွင် မိုးခေါင်သောကြောင့် တောင်သူများ ယခုနှစ် မိုးစပါး စိုက် ရာသီ၌ အချိန်မီ လယ်ယာ ထွန်ယက် စိုက်ပျိုးနိုင်ခြင်းမရှိ၊ စိုက်ပျိုးရေ ရရှိရေး အခက်အခဲ များနှင့် ကြုံတွေ့လျက် ရှိနေကြကြောင်း သိရှိရသည်။
ဤဒေသ၏ သဘာဝရာသီ ဥတုမှာ ပူအိုက်ခြောက်သွေ့ပြီး မိုးနည်းရပ်ဝန်းဒေသတစ်ခု ဖြစ်သည်ဟု ဆိုရသော် လည်းလွန်ခဲ့သည့် နှစ်များက နှစ်စဉ်ကဆုန်လပြည့်ကျော် ကာလရောက်လျှင် မိုးစတင်ရွာသွန်းကာ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးချိန်အမီ မိုးဖြိုင်ဖြိုင်ရွာသွန်းလေ့ ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးအလွန်ခေါင်လျက် ရှိသောကြောင့် မိုးစပါးများ ပျိုးထောင်ထားပြီးသော်လည်း အချိန်မီ ကောက်စိုက်နိုင်ခြင်း မရှိသေးကြောင်းအား လေ့လာ တွေ့ရှိခဲ့ရပါသည်။ ပျိုးပင်များမှာ ရင့်လာနေပြီး လယ်မြေကို ထွန်ယက်မှုပြုခါစသာ ရှိနေသေးသည်ကို မြင်တွေ့ရပါသည်။
“ကျွန်တော်တို့ရွာမှာ စပါးစိုက်တဲ့တောင်သူ လယ်ပိုင်ရှင် (ချိုင်း)အုပ်စုသုံးစုရှိပါတယ်။
ဒီကနှစ်မိုးကို မျှော်ရင်း မျှော်ရင်း မျှော်သာမျှော်မပေါ်လာ ဆိုသလို စိုက်ပျိုးရေရအောင် မိုးကရွာမပေးတော့ အခုကျွန်တော်တို့ ချိုင်းအဖွဲ့ ကနမ့်တိန်း ချောင်းကနေ ရဟတ်နဲ့ရေတင်ဖို့ကြိုးစားပြင်ဆင် နေကြတာဘဲ ဖြစ်ပါတယ်၊ အရင်နှစ်များဆို ဒီအချိန်မှာ ထွန်တုံးပိတ်နိုင်ပါပြီ” ဟုလယ်သမားတစ်ဦးက ဆိုပါသည်။ ယခုကဲ့သို့ စိုက်ပျိုးရေရရှိရေးအတွက် ချောင်းရေကို ခက်ခက်ခဲခဲဖြင့် လယ်သို့ ရောက်အောင် တင်သွင်းယူရခြင်းကြောင့် တစ်ဖြေးဖြေးလယ် လုပ်တောင်သူများလျော့ နည်းလာနေပါကြောင်း၊ ကျွန်တော်တို့ချိုင်း ၃ချိုင်းနဲ့ ပုန်းထွန်အုပ်စုတွေ အနေနဲ့ စုစုပေါင်းလယ်ဧက ၁၀၀ ခန့်ကို နှစ်စဉ် စိုက်ပျိုးကြပါတယ်။ စီးပွါးအတွက် မဟုတ်ပေမဲ့ ဒေသ၀မ်းစာအတွက် ကတော့ ဖူလှုံစွာရရှိခဲ့ကြပါတယ်” ဟု ချိုင်းခေါင်းဆောင်များက ပြောကြားသည်။
ဆက်လက်ပြီး ‘ကျွန်တော်တို့မိသားစုတွေရဲ့ တစ်နှစ်စာဝမ်းစာစပါးကို ဒီလယ်ကထွက်တာကိုဘဲ အားထား ကြရတဲ့တာပါ။ မိုးရေကိုလုံလောက်စွာမရတော့ အခုလိုချောင်းရေတင် စနစ်ကိုဘဲ အားကိုးရပါတယ်၊ အဲဒီအတွက် ကုန်ကျစရိတ်တွေများတယ်။ ရေရဟတ်ပြုလုပ် ရတာတွေရယ် ရဟတ်နဲ့မလုံလောက်လို့ လျှပ်စစ် ရေစုပ် မော်တာ တွေတပ်ဆင်ပြီး ပူးတွဲရေတင်ပေး တာတွေလည်း လုပ်ရပါတယ်၊ တစ်နေကုန်လုံး မောင်းတင်ရတဲ့ အခါမှာ(၁၀)ရက် ကြာတော့မီတာခက အနည်းဆုံး သုံးသောင်းကျပ်အထိ ကုန်ကျသွားပါတယ်။ တစ်လဆိုရင် ၉၀၀၀၀ိ/- ကျပ်ဆို တော့ ကျွန်တော်တို့ လယ်သမားတွေ အတွက်တွက် ချေမကိုက်တော့ ပါဘူး” ဟုဒေသခံ တောင်သူ ဦးစိုင်းချစ်ဆွေ (တောင်ရွာရပ်ကွက်) ၏ ပြောပြချက်အရ သိရှိရပါသည်။
‘တစ်ခါတစ်လေ ဒီဇယ်စက်နဲ့လည်း အသုံးပြုရတဲ့အတွက် ကျွန်တော်တို့အတွက်ရေ ကိုဘယ်လိုနည်းနဲ့ ရမလဲဆိုတာ ကအဓိကဖြစ်နေကြရပါတယ်၊ ဒါကြောင့်မို့အခုလို ကျွန်တော်တို့ရဲ့ အဘိုးအဘွားလက်ထက် ကတည်းက အသုံးပြုလာခဲ့တဲ့ မိရိုးဖလာရေတင် (၀ါးရဟတ်)တွေကို အခုချိန်ထိ အားကိုးအားထားပြုနေ နေကြရပါတယ် မိုးရွာပေးဖို့အတွက်လည်း ကျွန်တော်တို့တောင်သူ အားလုံးက နေ့စဉ်နှင့်အမျှ မျှော်လင့် တောင်းတနေကြရပါတယ်” ဟုတောင် သူစိုင်းလီနှင့်လုံးမိုင် (နားကုန်းကျေးရွာ) တို့ကမိုးစပါး စိုက်ပျိုးရန် ပြင်ဆင်နေကြရင်းနှင့် ပြောကြားချက်များအား၊ (၂၃-၇-၂၀၁၄)ရက်နေ့က ကွင်းဆင်း လေ့လာ၍ ရေးသားတင်ပြ လိုက်ရပါသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မိုးခေါင်သဖြင့် တောင်သူများအခက်ကြုံ မိုးစပါးအချိန်မီ မစိုက်ပျိုးနိုင်ဖြစ်
Reviewed by သစ်ထူးလွင်
on
15:10
Rating: