ပီအာခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်တဲ့ လူထု ဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို တက်ရောက်ဟောပြောခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးက ပီအာစနစ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"အခုနိုင်ငံမှာက လုပ်နေတာက အခုလွှတ်တော်ထဲမှာ လုပ်တဲ့ပုံစံတွေရော၊ အစိုးရတွေလုပ်တဲ့ ပုံစံတွေရော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စပြီးအတည်ပြုပြီးကတည်းက ကျနော်တို့က ဘုမသိ၊ ဘမသိနဲ့ မဲထည့်ထည့်ဆို အတင်းထည့်ခဲ့ရပြီးတော့ အကြောက်တရားတွေနဲ့ပေါ့ဗျာ၊ ဒါတွေနဲ့လုပ်ခဲ့ကြတာ အခုလိုမျိုးပွင့်လင်းလာပါပြီ၊ အစိုးရကလည်း တာဝန်ယူမှုတွေကို တည်ဆောက်နေပါတယ်ဆိုတဲ့ အချိန်မျိုးမှာ ပီအာစနစ်ကို ပြောင်းကျင့်သုံးမယ်ဆိုပြီးတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်၊ ဒါပေမဲ့ အဲ့ဒီပီအာဟာ ကောင်းတာဘယ်လို၊ ဆိုးတာ ဘယ်လို ပြည်သူကို အသိမပေးပဲနဲ့ အာဏာရတဲ့ ပါတီကရတဲ့ပါတီက ဆုံးဖြတ်သွားတာမျိုးကို ကျနော်တို့က လက်မခံနိုင်ဘူး၊ ဒီစနစ်သည် ကောင်းတယ်ဆိုရင် ကျနော်တို့ လက်ခံမယ်၊ ဒီစနစ်မှာ မကောင်းဘူးဆိုရင် ကျနော်တို့ ဒါကိုငြင်းပယ်ရမယ် ဒါပြည်သူတွေရဲ့ အခွင့်အရေးပါ၊ အဲ့ဒါကို ပြည်သူတွေသိဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်"
အဲ့ဒီ ဟောပြောပွဲမှာ တရားရုံးချုပ်ရှေ့နေ ဦးကိုနီ၊ စာရေးဆရာ ထင်လင်းဦး၊ ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဦးဝင်းချိုတို့က ဟောပြောခဲ့တာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ပီအာစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံအနည်းငယ်သာရှိပြီး လူဦးရေနည်းတဲ့ နိုင်ငံနဲ့ ပါတီအရေအတွက်နည်းတဲ့ နိုင်ငံတွေသာ ကျင့်သုံးတာဖြစ်တယ်လို့ တရားရုံးချုပ်ရှေ့နေ ဆရာဦးကိုနီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပီအာစနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မတီကို အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်း ထားပြီး ပြည်သူ့လွှတ်တော်မှာတော့ မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်သူ့ လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ပီအာစနစ် ကန့်ကွက်ပွဲ တာမွေမြို့နယ်မှာ ကျင်းပ
Reviewed by သစ်ထူးလွင်
on
22:04
Rating: