ရန်ကုန်မြို့ပြရဲ့ လူဦးရေက ၆ သန်းကျော်ရှိပါတယ်။ တရားဝင်ထုတ် ပြန်ခြင်း မရှိသေးတဲ့ စာရင်းတွေ အရဆိုလျှင် ရှစ်သန်းခန့် ရှိပါတယ်။ ၁ဝ သန်းဆိုရင် မီဂါစီးတီး စာရင်းဝင် ဖြစ်တော့မှာပါ။ ဒါကြောင့် ရန်ကုန်မြို့ပြ စီမံကိန်းကို ရေရှည်အကျိုး ထည့်သွင်းပြီး စဉ်းစားဖို့ လိုလာပါပြီ။
ရန်ကုန်မြို့မှာ အဓိကပြဿနာက ယာဉ်ကြော ပိတ်ဆို့မှုပါပဲ။ ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းနေကြတာပါ။ ယာဉ် မရပ်ရတဲ့ လမ်းမကြီးတွေ တိုးချဲ့တယ်။ ခုံးကျော်တွေ ထပ်တိုးချဲ့ဖို့ စီစဉ်နေတယ်။ ကရိန်းကားတွေနဲ့ ဖယ်ရှား ရှင်းလင်းနေတယ်။ ယာဉ်ထိန်းရဲတွေ တိုးချဲ့ချထားတယ်။ တက္ကစီတွေ ထပ်မံခွင့်ပြုခြင်း ရပ်ဆိုင်းထားတယ်။
ရန်ကုန်မြို့ပြမှာ ယာဉ်လိုင်းပေါင်း ၉၁ ခုရှိတယ်။ ယာဉ်စီးရေပေါင်းက ၁၆၂ဝ ရှိတယ်။ နေ့စဉ်ထွက် ကား အနေနဲ့ စီးရေ ၁၂ဝဝ ကျော်က နေ့စဉ်ခေါက်ရေ ၈၈ဝဝ ကျော်ပြေးဆွဲပြီး ခရီးသွားပြည်သူ ၁၁ သိန်း ကျော်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရတယ်။ တစ်ဖက်က ဟိုင်းလပ်၊ ဒိုင်နာနဲ့ ဘီအမ်ယာဉ်တွေကိုလည်း မီနီဘတ်စ် တွေနဲ့ အစားထိုးပြေးဆွဲနေတာတွေ့ရပါတယ်။ ယာဉ်လိုင်း အသစ်တွေ တိုးချဲ့ပြေးဆွဲနေတာလည်း တွေ့ရပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့ပြရဲ့ ယာဉ်ကြောပိတ်ဆို့မှုက တချို့ခုံးကျော်နေရာတွေကို အတန်သင့်ပြေလည်နိုင်ပေ မယ့် ရေရှည်မှာတော့ ပိုဆိုးလာနိုင်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ ယာဉ်စီးရေအသစ်တွေတိုးနေလို့ပါပဲ။ စည်းကမ်းမဲ့ရပ်၊ စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုတွေကလည်း များနေလို့ပါပဲ။
ခုလောလောဆယ် ထုတ်ပြန်ချက်တွေထဲမှာကြည့်ရင် အိမ်စီးကားတွေ ယာဉ်စည်းကမ်းဖောက်ဖျက်မှုပိုများလာ တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လာရပါသလဲ။ အကြောင်းရှိရပါလိမ့်မယ်။ စီးရေအားဖြင့်ကြည့်ရင် အိမ်စီး ကားက များပြီးသားပါ။ အများအားဖြင့် စည်းကမ်းဖောက် တာနည်းပါတယ်။ ဒါပေမယ့် စည်းကမ်းပျက်တဲ့ လိုင်းကား တွေ၊ တက္ကစီတွေကြောင့် စည်းကမ်းပျက်လာတာလည်း ပါပါတယ်။
''ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့'' ဆိုတဲ့ စကားရှိပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ဘဝကို ကြည့်ရင် နိစ္စဓူဝတွေ့ကြုံနေရတာက အဲဒီလိုစည်းကမ်း ဖောက်တဲ့သူတွေက အဆင်ပြေလို့။ စည်းကမ်းလိုက်နာ သူက နစ်နာ၊ အခက်တွေ့ဖြစ်နေတယ်။
ဒီတော့ ပထမဆုံးဖြေရှင်းရမှာက ကိုယ်သွားမယ့် လမ်းကြောင်းအမှန်ကို ယူမောင်းဖို့ အသိပညာပေး ရပါမယ်။ ခရီးသည် (Passengers) ရလိုမှုအတွက် သူ့ထက်ငါ ရှေ့ရောက်ဖို့ မမှန်ကန်တဲ့ နည်းလမ်းနဲ့မမောင်း ကြဖို့လိုပါတယ်။ တချို့နေရာတွေမှာ ယာဉ်ကြောမရှိဘူး။ (ဥပမာ- ရွှေဂုံတိုင်ခုံးကျော်တံတားကနေ တာမွေအဝိုင်း အထိ) ဒီတော့ လမ်းကျယ်မှာ မောင်းချင်သလိုမောင်းနေ ကြတယ်။ ဒုတိယအချက်ကတော့ ယာဉ်လိုင်းတွေ လမ်းမှန် အတိုင်း အလှည့်ကျစောင့်ပါစေ။ လမ်းမှန်မဟုတ်ဘဲ ကျော် တက်ရင် (မီးပွိုင့်အဝင်) ထိထိရောက်ရောက် အရေးယူပါ။
တစ်ချိန်က (ဟိုင်းလပ်၊ ဒိုင်နာတွေရှိတုန်းက) လိုင်း ကြေးဆင်းပြီး ပေးတာ မကြာခဏတွေ့ဖူးတယ်။ လမ်းရှင်း တာလို့ ပြောတာပဲ။ ခုမီနီဘတ်စ်တွေပေါ်လာတော့ မတွေ့ ရတော့ဘူး။ ဒါပေမယ့် ကားသာပြောင်းသွားတာ ဒီဘက် လမ်းကြောမှာ မောင်းတဲ့သူတွေပဲ များပါတယ်။ လမ်းရဲ့ အထာကို ကောင်းကောင်းကျွမ်းကျင်နေသူတွေပါ။
ဒီတော့ စည်းကမ်းဖောက်နေတဲ့ ယာဉ်လိုင်းတွေကို ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်လိုက်ရင် အိမ်စီး ကားတွေလည်း ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်။ မီးပွိုင့် အဝင်မှာ ကန့်လန့်ခံ ကြားဖြတ်ဝင်မယ့်ကားမရှိရင် လမ်း ကြောလည်း ရှင်းသွားနိုင်ပါတယ်။ လူ့သဘောကတော့ အသိခေါက်ခက်အဝင်နက်ဆိုတာလိုပါပဲ။ အရေးယူမှုမရှိဘဲ အပြစ်ကျူးလွန်နေတာကို လျစ်လျူရှုထားသလိုမျိုးဖြစ်နေ ရင် စည်းကမ်းဖောက် စည်းကမ်းပျက်နေကြဦးမှာပဲ။ လမ်း တွေလည်း မလိုအပ်ဘဲ ပိတ်ဆို့နေဦးမယ်။ အချိန်တွေလည်း ကြန့်ကြာနေဦးမှာပါ။ ။
ခင်မောင်ဌေး(ပညာရေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily?ref=br_tf

အိမ်စီးကားများ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများပြား
Reviewed by သစ်ထူးလွင်
on
16:08
Rating: