ကျောက်မီးသွေး ဓါတ်အားစက်ရုံ ကန့်ကွက်လက်မှတ်ထိုး

မွန်ပြည်နယ်၊ ရေးမြို့နယ် ဖာလိန်တောင်အနီးက အံဒင်ကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်နေတဲ့အတွက် ဒေသခံတွေက လက်မှတ်တွေ လိုက်လံကောက်ယူပြီး ကန့်ကွက်နေကြပါတယ်။

အဲ့ဒီလို လက်မှတ်တွေကို ဦးဆောင်ပြီး ကောက်ယူနေတဲ့ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက အခုလိုပြောပါတယ်။

"ကျောက်မီးသွေးစက်ရုံဆိုတာ သဘာဝပတ်ဝန်းကျင်ရယ်၊ ဘေးထွက်ဆိုးကျိုးတွေ၊ လူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြောက်များစွာဖြစ်နိုင်တယ်၊ အခုဒေသမှာ ဖွံ့ဖြိုးပြီးဖြစ်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတွေကို ထိခိုက် မယ်ဆိုတာရယ်၊ လူတွေကို ကျန်းမာရေး ထိခိုက်မယ်ဆိုတဲ့အချက်တွေကြောင့် ကျနော်က ကန့်ကွက်တာ၊ ကျနော်တို့ဆီမှာ အခု လ၊ နှစ် ကတော့ သိပ်တော့ အဆင်မပြေဘူးပေါ့၊ မိုးရွာချိန်များတော့ ရေစွမ်းအင်ရှိတယ်၊ ဒါပေမဲ့ ရေနဲ့ထုတ်တဲ့ စွမ်းအင်ဆိုတာကတော့ နည်းပညာအရရယ်၊ ကုန်ကျစရိတ်များတာကို မပြောတော့ပါဘူး၊ ရေနဲ့ထုတ်နိုင်တဲ့ စွမ်းအင်တွေ အများကြီး ထုတ်လို့ရတယ် ဒီဒေသကပေါ့"

မွန်ပြည်နယ်အစိုးရက ဒီနှစ်ဧပြီလမှာ ရေးမြို့ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖာလိန်တောင်အနီးက အံဒင်ကျေးရွာမှာ အစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် Toyo Thai Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး စက်ရုံတည်ဆောက်မှာဖြစ်တယ်လို့ ရှင်းပြခဲ့ကြောင်းနဲ့ ဒေသဖံွ့ဖြိုးရေးအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံလူမှုရေးအသင်းအဖွဲ့တွေက ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကနေ ရရှိမယ့် လျှပ်စစ်ဓါတ်အားထက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကြောင့် ကန့်ကွက်နေ ကြတာလို့ ဆိုပါတယ်။

အခုလို ကန့်ကွက်တဲ့ လက်မှတ်တွေကို တစ်လနီးပါးကောက်ခံမှာဖြစ်ပြီး ရရှိတဲ့လက်မှတ်တွေ ကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ နိုင်ငံတော်သမ္မတရုံး၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၊ ထိုင်းကုမ္ပဏီ Toyo Thai Group တို့ထံ ပေးပို့ သွားဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ လျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ မြေဧက ၅၀၀ လောက်ကျယ်ဝန်းပြီး ၂၀၁၈ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ကျောက်မီးသွေး ဓါတ်အားစက်ရုံ ကန့်ကွက်လက်မှတ်ထိုး ကျောက်မီးသွေး ဓါတ်အားစက်ရုံ ကန့်ကွက်လက်မှတ်ထိုး Reviewed by သစ်ထူးလွင် on 03:12 Rating: 5
Powered by Blogger.