ရပ်စောက်မြို့နယ် မြေသိမ်းမှု ဒေသခံ ၁၅၀ ကျော် ဆန္ဒပြ

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြေယာကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်လို့ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်သူ ဒေသခံတောင်သူ ကိုဇော်က အခုလိုပြောပါတယ်။

"အဓိက လက်ရှိကျေးရွာအုပ်ချပ်ရေးမှူးက စိုက်ပျိုးစရိတ်ချေးငွေတွေလည်း တောင်သူလယ်သမားတွေဆီက အကြိမ်ပေါင်းမြောက်များစွာ ဖြတ်တောက်ပြီးတော့ စာရင်းဇယားချပြခြင်းမရှိပဲနဲ့ သူသုံးစွဲထားတဲ့ ကိစ္စတွေအတွက် မကျေနပ်လို့ ဆန္ဒပြတာ ၁ ချက်၊ ဒုတိယ ၁ ချက်ကတော့ အရင်အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းဇော် ကျူးလွန်ထားတဲ့ မြေယာအရှုပ်အရှင်းကိစ္စတွေ ဖြေရှင်းပေးခြင်း မရှိသေးတဲ့ကိစ္စ ဒီလက်ရှိမြေယာကိစ္စတွေ ဖြေရှင်းထားတာဟာ အုပ်ချုပ်မြေယာစီမံခန့်ခွဲမှုကော်မတီ အဲ့ဒီကိစ္စကို အလိုမရှိဘူး"

ဒေသခံတောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေ တိကျမှန်ကန်စွာရရှိဖို့၊ တိုင်ကြားထားတဲ့ မြေယာအငြင်းပွားမှုတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့၊ ကျေးရွာချေးငွေစီစစ်ရေးအဖွဲ့ ငွေကောက်ခံမှုရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ပင်ဖြစ်၊ ရတနာပုံ၊ ဆတ်သေ၊ ညောင်သုံးပင်၊ ပန်း အုံ၊ ထီးခမ်း၊ ဘိုကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ရှမ်း၊ ဓနုနဲ့ ပအိုဝ်းတောင်သူ ၁၅၀ ကျော် ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ဆန္ဒပြပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှာ ၆ ကြိမ်တိုင်တိုင် လျှောက်ထားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပြီး ဒီတစ်ကြိမ်ကျမှ တရားဝင်ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ရပ်စောက်မြို့နယ် မြေသိမ်းမှု ဒေသခံ ၁၅၀ ကျော် ဆန္ဒပြ  ရပ်စောက်မြို့နယ် မြေသိမ်းမှု ဒေသခံ ၁၅၀ ကျော် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 22:02 Rating: 5
Powered by Blogger.