စစ်တွေမြို့ ပြည်နယ် အထွေထွေ ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေသော ကလေးငယ်မှာ ဆာလဖာ ဆေး မတည့်ခြင်းကြောင့် ဖြစ်ပွားသော ရောဂါ ခံစား နေရသူသာ ဖြစ်ပြီး အီဘိုလာရောဂါ ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ စုံစမ်း သိရှိရ
နေပြည်တော် သြဂုတ် ၅
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ် အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကလေးငယ် တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှု ခံယူနေကြောင်း အင်တာနက် သတင်းများ တွင် သြဂုတ် ၄ ရက်မှ စတင်၍ ဖော်ပြလျက်ရှိသည်။
အင်တာနက်သတင်းတွင် ဖော်ပြထားသည့် လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက် ၆ နှစ်အရွယ်ရှိ မောင်မျိုးလင်းနိုင် ဆိုသူဖြစ်ပြီး ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ဆာလဖာ ဆေးမတည့်ခြင်းကြောင့် ဖြစ်ပေါ် လာသော Stevens – Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ် အထွေထွေ ဆေးရုံကြီး ကလေး ကုသဆောင်၌ တက်ရောက် ကုသနေ သူဖြစ်ကြောင်း၊ လူနာသည် အဖျားရောဂါဖြင့် ရွာတွင် ဇူလိုင် ၂၁ ရက်မှ စ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ တစ်ဆင့် စစ်တွေမြို့ ပြည်နယ် အထွေထွေရောဂါ ကု ဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Stevens- Johnson Syndrome ရောဂါသည် မွေးရာပါ ခုခံအား စနစ် ချို့ယွင်း နေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင် ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာ ရောဂါဖြစ်ခြင်း တို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါး ဓာတ်မတည့် မှုကြောင့် အများဆုံးဖြစ်ပွားလေ့ ရှိပြီး ယင်းရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်းတို့ ဖြစ်ကာ နောက်ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါ နှင့် စအိုပတ်ဝန်းကျင် တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲတွင် အနာများ ဖြစ်ပွားပါက လူနာသည် အလွန်အမင်း နာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေး ငယ်များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာ ၃၀ ရာခိုင်နှုန်း၌ မျက်စေ့ နာခြင်း ဖြစ်ပွား နိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါး များတွင် တစ်လက်မ ပတ်လည်ခန့် အနီပြင်များ ထွက်ခြင်း၊ မျက်ကြည်လွာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်း ကလီစာများ ပျက်စီးခြင်းတို့ ဖြစ်နိုင်ကြောင်း သိရှိရသည်။
မောင်မျိုးလင်းနိုင်အား စစ်တွေမြို့ ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၏ ပြုစု ကုသပေး မှုကြောင့် ယခုအခါ အခြေအနေ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရှိ ရသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း ကို ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရော ဂါ ဖြစ်ပွား သူ မရှိ ကြောင်း၊ အင်တာနက် သတင်းတွင် ဖော်ပြ ထားသည့် အဆိုပါ သတင်း မှာ မှားယွင်း ဖော်ပြ ချက်သာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိ ရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

စစ်တွေ ဆေးရုံက ကလေးငယ် အီဘိုလာရောဂါ ဖြစ်ပွားနေခြင်း မဟုတ်
Reviewed by သစ်ထူးလွင်
on
22:00
Rating: