အီရတ်နိုင်ငံ အတွင်း၊ အစ္စလာမ္မစ် နိုင်ငံတော် အဖွဲ့ရဲ့၊ ပိတ်ဆို့တာကို ခံနေရတဲ့၊ ရှီအာ ဘာသာဝင်၊ Turcoman လူနည်းစု တွေ ထောင်နဲ့ချီ ရှိရာ၊ Amerli မြို့မှာ လူတွေ အစုလိုက် အပြုံလိုက်၊ သတ်ဖြတ် ခံရနိုင် တဲ့ အန္တရာယ် ကြုံလာရနိုင်တယ် ဆိုပြီး၊ အီရတ်နိုင်ငံမှာ ရှိနေကြ တဲ့၊ ကုလသမဂ္ဂ အရာရှိတွေ က၊ သတိပေးလိုက် ကြပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော် အဖွဲ့ရဲ့၊ ပိတ်ဆို့ ထားမှုကြောင့်၊ လူဦးရေ တစ်သောင်း ရှစ်ထောင်လောက် ရှိတဲ့ Amerli မြို့ မှာ၊ အစာရေစာ ဖြတ်တောက် ခံနေတာ ၂ လ နီးပါး ရှိနေပြီး၊ ပြောမပြနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ် ဆိုပြီးတော့ လည်း၊ အီရတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် က ပြောပါတယ်။
ဒီအချိန်မှာပဲ၊ အီရတ် မြောက်ပိုင်း Kirkuk မြို့မှာ၊ ဗုံးတွေ တပြိုင်နက်ထဲ လိုလို ကွဲခဲ့တဲ့ အတွက်၊ အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပါတယ်။ သေဆုံး သွားသူတွေထဲ မှာ ကာ့ဒစ်ရှ်လုံခြုံရေးတပ် ပက်ရှ်မာဂါ အဖွဲ့ဝင်တွေ လည်း ပါဝင်တယ် လို့၊ ဒေသခံ သတင်း ဌာနတွေ က ဆိုပါတယ်။
အစ္စလာမ်စ် နိုင်ငံတော် အဖွဲ့ ထိုးစစ်ဆင်မှု ကြုံလာခဲ့တဲ့ နောက်၊ အဲဒီ့ Kirkuk မြို့ ကနေ၊ အီရတ် အစိုးရတပ်တွေ ထွက်ခွာသွား အပြီး၊ ပြီးခဲ့တဲ့ ဂျွန်လထဲမှာ မြို့ကို ကာ့ဒစ်ရှစ် ပက်ရှ်မာဂါ အဖွဲ့က၊ ထိန်းချူပ် ထားခဲ့တာ ဖြစ်ပါတယ်။
အီရတ်နိုင်ငံ အတွင်း၊ အခြေအနေ အတည်အငြိမ်ဆုံး လို့ ပြောနိုင်တဲ့၊ ကာ့ဒစ်ရှစ် ဒေသရဲ့ မြို့တော် အယ်လ်ဘီးမှာ လည်း ဗုံးတစ်လုံး ကွဲခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140823_iraq_amerli_turkman.shtml

ပိတ်ဆို့ ဖြတ်တောက် ခံထားရတဲ့ အမ်မာလီ မြို့ |
ရှီအာတာ့ခ်မင်တွေ အစုလိုက် အသတ် ခံရနိုင်
Reviewed by သစ်ထူးလွင်
on
08:39
Rating: