မူဆယ် သြဂုတ် ၅
ရှမ်းပြည်နယ် မူဆယ်မြို့သည် တရုတ်နိုင်ငံ ရွှေလီကျယ်ဂေါင်နှင့် နယ်စပ်မျဉ်းပေါ်တွင်ရှိပြီး စီးပွားရောင်းဝယ်ရေးစည်ကားသော မြို့လည်းဖြစ်သည့်အလျောက်နှစ် နိုင်ငံ ပို့ကုန်သွင်းကုန် အဓိက ငွေကြေးလဲလှယ်အသုံးပြုလျက်ရှိရာ ငွေလဲလှယ် လုပ်ငန်းရှင်ဖြစ်သောမူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ ဒေါ်ဟူကွေစိုက် (၄၇နှစ်)သည် ငွေလဲသည့် အလုပ်သိမ်းပြီး မိမိနေအိမ် သို့ ပြည်ထောင်စုလမ်းအတိုင်း မိမိဆိုင်ကယ်ဖြင့်အပြန် နေအိမ်အနီး ဖူလီတည်းခိုခန်းလမ်း ကြားအရောက် ည ၆ နာရီခန့်တွင် အမည်မသိ လူငယ်နှစ်ဦးမှ ဆိုင်ကယ် ဖြင့် လိုက်လာပြီး ရှေ့၌ပိတ်ကာတစ်ဦးက ဓားမြှောင်ဖြင့်ထောက်ပြီး ငွေအိတ်အားပေးရန်နှင့် မပေးပါက သတ်ပစ်မည်ဟုပြောဆိုရင်း တွန်းလဲကာ ငွေအိတ်အား လုယူမောင်းပြေး ခဲ့ကြောင်း လုယူငွေမှာ မြန်မာ ငွေငါးထောင်တန် ၂၅ သိန်းနှင့် တရုတ်ယွမ် ၅ဝဝဝ ဖြစ်ကြောင်း ရဲတပ်ဖွဲ့စခန်းသို့ သတင်းပို့ခဲ့သည်။
ထိုသို့ သတင်းပို့ပြီးချက်ချင်း ရဲကင်းမှူး ဒုရဲအုပ် အောင်မျိုးခိုင်ဦးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံပိတ် ဆို့ရှာဖွေရာ ည ၈ နာရီ တွင် ကောင်းမူးတုံရပ်ကွက် LG .....လမ်းကြား တစ်ခုအတွင်း တွင် ပြစ်မှုကျူးလွန်ထွက်ပြေးသူ တစ်ဦးဖြစ်သော ဦးထွန်းဝင်း (၂၈ နှစ်) ပန်းရန်လုပ်သား ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘုတ်ဒတ်ကျေးရွာ နေသူအား လုယူထားသောငွေ၊ ဓားမြှောင်တစ်လက်၊ ၄င်းတို့စီးနင်း သွားသော HERO ANBO -125 ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသည်။ ၄င်းအားစစ်ဆေးဖော်ထုတ်ချက်အရ ၄င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ ဦးသာ ဝင်း(၂၅ နှစ်) ပန်းရန်လုပ် ရခိုင် ပြည်နယ်စစ်တွေမြို့ ဆင်ကူးလမ်း ရပ်ကွက်နေသူအား မူဆယ်မြို့ မြောက်ရပ်ကွက်ရှိ ရွှေသဉ္စာတည်းခိုခန်းတွင် ည ၁ဝ နာရီခွဲက ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့နာရီပိုင်း အတွင်း ဒုစရိုက်ကျူးလွန်သူအား ဖမ်းဆီးနိုင်ခြင်းမှာ ရပ်ကွက်နေ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ သတင်းပေးနိုင်မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။
အယ်လ်စိုး(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

လုယက်သူဆိုင်ကယ်သမားကို နာရီပိုင်းအတွင်းဖော်ထုတ်
Reviewed by သစ်ထူးလွင်
on
11:36
Rating: