ကျိုက်ထိုမြို့နယ်၌ မိုးသည်းထန်၍ ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွား ယာဉ်တိမ်းမှောက်၍ လူနှစ်ဦး ရေစီးနှင့် မျောပါပျောက်ဆုံး
ကျိုက်ထို သြဂုတ် ၆
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နှင့် ဝန်းကျင်ကျေးရွာများ၌ ခြောက်ရက်ဆက်တိုက် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၅ ရက်တွင် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွား ခဲ့ပြီး ခရီးသည်တင်ယာဉ်တစ်စီး ရေစီးကြောင့် တိမ်းမှောက်ကာ လူနှစ်ဦး မျောပါပျောက်ဆုံးကြောင်း သိရသည်။
နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိမ်ဇရပ် စံပြ ကျေးရွာ စစ်တောင်းတံတား အရှေ့ ဘက် ကမ်းထိပ်မှ ကိုက် ၃ဝဝ ခန့် အတွင်း ရထားသံလမ်းအထက် ရေကျော်မှုမှာ အနက်ဆုံးနေရာတွင် နှစ်ပေကျော်ခန့်ရှိသဖြင့် နေပြည် တော်-မော်လမြိုင်နှင့် ရန်ကုန်-မော်လမြိုင် လူစီးအမြန်ရထားများ၊ မော်လမြိုင်-ပဲခူး လော်ကယ်ရထား များသည် ရောက်ရှိသည့် ဘူတာရုံများ ၌ ရပ်နားခဲ့ရပြီး အောင်မင်္ဂလာ ရပ်ကွက်တွင် တောင်ကျရေကြောင့် ရေအမြင့် သုံးပေ၊ လေးပေခန့်မြင့်တက် ပြီး နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွား ခဲ့သည်။
အလားတူ တောင်ကျရေများ အဆက်မပြတ် ကျဆင်းမှုများကြောင့် မရမ်းချောင်းကျေးရွာ အကျဉ်းဦးစီး ဌာနအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၉၆။၃) နှင့် (၉၆။၅)တို့အကြား အမြင့်လေးပေခန့် အထိ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ယာဉ် အသွားအလာများ နံနက် ၉ နာရီခွဲခန့်မှစ၍ ရပ်နား စောင့်ဆိုင်းခဲ့ရသည်။ ခဝါချောင်း ကျေးရွာတွင်လည်း တောင်ကျ ရေကြောင့် ချောင်းရေလျှံတက်ကာ ရွာအတွင်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး ရေဆက်လက်မြင့်တက်လာမှုကြောင့် အိမ်ထောင်စုများ ချောင်းတစ်ဖက် ကမ်းရှိ စစ်တောင်းကျေးရွာသို့ အရေး ပေါ် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။
ယင်းနေ့ ညနေပိုင်းမှ စတင်ကာ တောင်ကျရေများ ကျဆင်းမှုကြောင့် ကမ်းနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဟောင်း မိုင်တိုင် အမှတ် (၉၁။ဝ) နှင့် (၉၁။၁) တို့ အကြား လမ်းအထက်လေးပေခန့် ရေများစီးဆင်းနေစဉ် ည ၇ နာရီခန့်က မုပ္ပလင်ကျေးရွာဘက်မှ ယာဉ်မောင်း ကျော်နိုင် မောင်းနှင်၍ ခရီးသည်များ လိုက်ပါလာသော ဟိုင်းလတ်အမျိုး အစား ယာဉ်အမှတ် ၇က။.... ရွှေဒေါန မြဝတီ-သိမ်ဇရပ်ယာဉ်သည် ရေကျချိန်ကို မစောင့်ဆိုင်းဘဲ ဖြတ် သန်းမောင်းနှင်ရာ ယာဉ်မှာ ရေစီး နှင့် မျောပါတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါ
ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ခရီးသည် ကိုးဦး ရေထဲ မျောပါရာ အနီးရှိလူများက ဝိုင်းဝန်း ဆယ်ယူသဖြင့် ခုနစ်ဦးကို ကယ်ဆယ် နိုင်ပြီး ယာဉ်မောင်းကျော်နိုင်နှင့် ခရီးသည်တစ်ဦး(စိစစ်ဆဲ) ရေစီးနှင့် မျောပါပျောက်ဆုံးခဲ့သည်။
သိမ်ဇရပ်ကျေးရွာရှိ ရွာမရပ်ကွက် နှင့် ဆိပ်ကမ်းသာရပ်ကွက်တို့တွင် တစ်နေ့တည်း မြေပြိုမှုသုံးကြိမ် ဖြစ်ပွား ခဲ့ပြီး နေအိမ်တစ်လုံး မြေစိုင်ခဲကြီး ပိမိပျက်စီးခဲ့သော်လည်း လူများတစ်စုံ တစ်ရာ ထိခိုက်မှုမရှိခဲ့ပေ။ မြေစိုင်ခဲများ ဆက်လက်ပြိုကျနိုင်သည့် အခြေ အနေရှိသဖြင့် တောင်ခြေရှိ နေအိမ် များအား ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်ကြရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြ သည်။
ရွှေဒေါနယာဉ်တိမ်းမှောက်ရာတွင် ရေစီးနှင့် မျောပါသူ ခရီးသည်တစ်ဦး ၏ အလောင်းအား ရှာဖွေရာ သြဂုတ် ၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့် တွင် အခင်းဖြစ်နေရာနှင့် ကိုက် ၃ဝဝ ခန့်အကွာ ရေအနက်သုံးပေခန့်ရှိ လယ်ကွက်ထဲတွင် ပြန်လည်တွေ့ရှိ သဖြင့် သိမ်ဇရပ်နယ်မြေရဲတပ်ဖွဲ့စခန်း က ယာဉ်မောင်းကျော်နိုင်အား ယာဉ် (ပ)၂၈။၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲခေါင်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Reviewed by သစ်ထူးလွင်
on
16:41
Rating: