လူမမယ် သမီးငယ်လေး နှစ်ဦး မိဘ နှင့် ကွဲသည်ဟု ယူဆရ၍ ဧရိပ်မွန်(၂) မိန်းကလေးကျောင်းမှ ထိန်းသိမ်း စောင့်ရှောက်
ချောင်းဦး- ဩဂုတ် -၅
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ ဧရိပ်မွန်(၂) မိန်းကလေးကျောင်းမှ လူမမယ် သမီးငယ်လေး (၂)ဦးအား ဩဂုတ်လ (၄)ရက်၊ ညနေ(၆)နာရီမှ စ၍ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။
ဧရိပ်မွန်(၂) မိန်းကလေး ကျောင်းမှ ရုံးအဖွဲ့မှူး ဆရာလေး ဒေါ်ရူပဝတီ က “ မနေ့က ညနေ(၆)နာရီလောက်မှာ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှသိန်း၊ ဧရိပ်မွန်(၂) မိန်းကလေး ကျောင်း ကျောင်းအကျိုးတော်ဆောင် မြို့မိ၊ မြို့ဖများက လာရောက်ပြီး မိဘနဲ့ ကွဲကွာနေသည်ဟု ယူဆရသော ဒီသမီးငယ်လေး နှစ်ဦးကို ဆရာလေးတို့ ဧရိပ်မွန်(၂)မှာ ယာယီထိန်းသိမ်းစောင့်ရှောက်ထားပေးရန် အတွက် လာရောက် အပ်နှံခဲ့တာဖြစ်လို့ ယခု ဆရာလေးတို့ ကျောင်းမှာ စောင့်ရှောက်ထားပါတယ်” ဟု ပြောပြပါသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ (၄)ရက်၊ နေ့လည် (၂)နာရီခန့်က ချောင်းဦးမြို့ စည်ပင်သာယာဈေးနှင့် ကပ်လျှက် ကံကြီးကျောင်း ဘုန်းတော်ကြီးကျောင်း တံခါးဝတွင် အဆိုပါ သမီးငယ်လေးနှစ်ဦး ငိုယိုနေ၍ ဈေးသူ၊ ဈေးသား များက မေးမြန်းကြရာ မိဘနှင့် ကွဲကွာပြီး ဈေးအတွင်း ကျန်ရှိသောကြောင့် ကြောက်လန့်စွာ ငိုကြွေးနေခြင်း ဖြစ် လို့ ဈေးသူ၊ ဈေးသားများက ချော့မော့ပြီး မိဘများ ပြန်အလာကို ဈေးပိတ် ချိန်ထိ စောင့်ရှောက်ခဲ့ပါကြောင်း၊ ဈေးပိတ်ချိန်ရောက်သော်လည်း မိဘများ ပြန်မလာခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြား အပ်နှံပေးခဲ့ကြပြီး ချောင်းဦးမြို့ စည်ပင်သာယာဈေးသူ၊ ဈေးသားများက သမီးငယ်လေးများအတွက် စားစရာ မုန့်များနှင့် အဝတ်အစားများ လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရပါသည်။
ဧရိပ်မွန်(၂) မိန်းကလေးကျောင်းတွင် စောင့်ရှောက်ထားသည့် သမီးငယ်လေး နှစ်ဦးအနက် အကြီးမလေး မှာ သွက်လက်စွာ ပြောဆိုတက်နေပြီး အသက်အားဖြင့် (၂)နှစ်ခွဲ (၃)နှစ်ခန့် ရှိပြီး သမီးငယ်လေးမှ “ သမီး နာမည်က ဂျူးဂျူး ပါ၊ ညီမလေး နာမည်က ထူးထူး လို့ ပြောပြပြီး ဖေဖေ ဦးချစ်ကို၊ မေမေ ဒေါ်သက်ယုဝေ ဖြစ်ကြောင်း ၊ သမီးတို့ ဘယ်ကလာတာလဲဟု မေးမြန်းရာ သမီးတို့က ဒီနားလေးက လာတာလို့ ပြောပြီး မေမေက မုန့်ဝယ် သွားတာဟုလည်း ” ပြောပြပါသည်။
အငယ်မလေး ထူးထူးမှာ အသက်အားနှင့် (၁)နှစ်ခွဲခန့် ရှိပြီး မိခင်နို့ မပြတ်သေးသည့်အတွက် ဧရိပ်မွန်(၂) မိန်းကလေးကျောင်းမှ ဆရာလေးများက နို့မုန့်များ ဝယ်ယူ ပြီး တိုက်ကျွေးနေရကြောင်း၊ သမီးငယ်လေး ထူးထူးမှာ မေ့မေ့ ဆီ သွားမည်ဟုသာ ငိုကြွေးနေ၍ ဧရိပ်မွန်(၂)မှ ဆရာလေးများနှင့် မိန်းကလေးငယ်များမှ ဝိုင်းဝန်း၍ စေတနာ အပြည့်ဖြင့် ချော့မော့ စောင့်ရှောက်နေကြကြောင်း တွေ့ရှိခဲ့ရပါသည်။
ဧရိပ်မွန်(၂) မိန်းကလေးကျောင်းမှ ရုံးအဖွဲ့မှူး ဆရာလေး ဒေါ်ရူပဝတီက “ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညှိနှိုင်း ပေး မှုအရ (၁)လအတွင်း သမီးငယ်လေးများ၏ မိဘဆွေမျိုးများ မပေါ်ပေါက်ခဲ့ဘူးဆိုရင် ဧရိပ်မွန်(၂) မိန်းက လေးကျောင်းမှာ စာရင်းသွင်းပြီး ကျောင်းသူအဖြစ် လက်ခံမှာ ဖြစ်ပါတယ်”ဟုလည်း ပြောပြပါသည်။
ချောင်းဦးမြို့နေ ပြည်သူများကလည်း သမီးငယ်လေးများ၏ ဖြစ်စဉ်ကို စိတ်ဝင်စားနေကြပြီး မိဘ၊ ဆွေမျိုးများနှင့် အမြန်တွေ့ ဆုံနိုင်ရေး ဆုတောင်းပေးလျှက် ရှိကြောင်း သတင်းရရှိပါသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

Reviewed by သစ်ထူးလွင်
on
21:24
Rating: