ကြိုတင်အသိပေးခြင်းမရှိဘဲ ဖန်ပုလင်းစားသောက်ကုန်များ UWSA မှ ရောင်းဝယ်ခွင့်ပိတ်ပင် လူထုအခက်တွေ့

ဂျွန် ၂၉ ရက် ၂၀၁၄

UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ အတွင်း ဖန်ပုလင်းဖြင့် ထည့်သွင်း ထားသည့်မည်သည့် စားသောက်ကုန်ပစ္စည်းများမဆို ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံ များကပြောပါသည်။

UWSA ထိန်းချုပ်နယ်မြေ မြို့ကြီး လေးခု (အစိုးရအုပ်ချုပ်ရေးအရ) ပန်ဆန်း၊ ပန်ဝိုင်၊ နားဖန်း နှင့် မိုင်းမောမြို့နယ်အပါအဝင် ဝ နယ်မြေအတွင်း ဖန်ပုလင်းဖြင့်ရောင်းချသည့် အဖျော်ယမကာပုလင်း၊ ဆေးပုလင်းများမှအစ ငံပြာရည်၊ ရှာလကာရည်၊ ကျွဲရိုင်း၊ လီပိုအဆုံး ဖန်ပုလင်းများ ရောင်းဝယ်ခွင့်အား ဝ အာဏာပိုင်များ ပိတ်ပင်လိုက်သောကြောင့် ဒေသခံ ဈေးသည်များ၊ သာမန်ဆေးဆိုင်များ၊ စတိုးဆိုင် ပိုင် ရှင်များ အခက်အခဲတွေ့နေရကြောင်း မိုင်းပေါက်မှ စတိုးဆိုင်ပိုင်ရှင် တဦးက ဤကဲ့သို့ပြောပါသည်။

“ကြိုတင်ပြောရင် တမျိုးပေါ့။ အခုက ဘာမှလာမပြောဘဲနဲ့ ရုတ်တရုက်ကြီး ပိတ်ပင်လိုက်တော့ အခက် တွေ့ပြီပေါ့။ ကျနော့်ဆိုင်ဆိုတရုတ်ငွေ ယွမ် ၃ သောင်းကျော် ( ကျပ် ၄၈ သိန်းခန့်) တန်ဖိုးရှိတဲ့ စားသောက်ကုန် ပုလင်းတွေ ဘယ်မှာသွားထားရမှန်းတောင်မသိဘူး။ ကမ္ဘာပေါ်မှာ ဒီလိုမျိုးလုပ်တဲ့ တိုင်းပြည်ရှိလားဗျာ” - ဟု စတိုးဆိုင်ပိုင်ရှင် ဦးအိုက်နပ် ကပြောသည်။

၂၀၁၄ ဂျွန် ၂၂-၂၃ ရက်နေ့က ပန်ဆန်းဌာနချုပ်မှ အရာရှိ ပေါက်ယိုယီးက မိုင်းပေါက် တပ်မဟာ ၄၆၈ ဌာနချုပ်သို့ရောက်ရှိလာပြီး အရာရှိအရာခံ စစ်သည် နှင့် ဒေသခံရပ်ရွာအကြီးအကဲများအား ခေါ်ယူကာ ထိုကဲ့သို့ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“အဓိကကတော့ဗျာ ဘီယာတို့၊ တခြား လီပိုတို့အပါအဝင်ပေါ့ စားသောက်အသုံးပြုပြီးရင် လျှောက် ပစ် ကြ တယ်။ ကျနော်တို့ ၀ လူမျိုးတွေက ဖိနပ်စီးလေ့သိပ်မရှိဘူး။ လယ်ယာဆင်းရင် နင်းမိတယ်။ ဒါ့ကြောင့် အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာ။ ရောင်းခွင့်မပြုတော့ပါဘူး။ ရောင်းရင်ဘယ်လို အရေး ယူခံရမယ် တိတိပပမပြောထားပေမယ့် လုံးဝ ကိုမရောင်းရတော့တာ။ အားလုံး သိမ်းထားခိုင်းပါ တယ်။ အမိန့်က” - ဟု ၀ အုပ်ချုပ်ရေးအရာရှိတဦးကပြောသည်။

လက်ရှိအစိုးရသတ်မှတ်ချက်အရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြို့နယ် ၆ ခု ရှိသည်။ ထိုမြို့နယ်များအနက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေထားသည့် မြို့နယ်ကအဆက်ဖေါ်ပြသည့် မြို့နယ် ၄ ခုရှိပါသည်။ ထိုမြို့နယ် ၄ ခုသည် ကျေးရွာအုပ်စုပေါင်း ၁၇၁ အုပ်စု၊ ကျေးရွာပေါင်း ၁၀၁၅ ရွာ၊ ဧရိယာစတုရန်းအရ စတုရန်းကီလိုမီတာ ၁၇၀၀၀ ကျယ်ဝန်းပြီး ရန်ကုန် တိုင်း နှင့် ကယားပြည်နယ်ထက် ကျယ်ဝန်းသည်ဟု ၂၀၀၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းအရ သိရပါသည်။


သျှမ်းသံတော်ဆင့်

http://burmese.panglong.org/news/96-2008-08-03-06-49-23/4782------uwsa-----.html




ကြိုတင်အသိပေးခြင်းမရှိဘဲ ဖန်ပုလင်းစားသောက်ကုန်များ UWSA မှ ရောင်းဝယ်ခွင့်ပိတ်ပင် လူထုအခက်တွေ့  ကြိုတင်အသိပေးခြင်းမရှိဘဲ ဖန်ပုလင်းစားသောက်ကုန်များ UWSA မှ ရောင်းဝယ်ခွင့်ပိတ်ပင် လူထုအခက်တွေ့ Reviewed by သစ်ထူးလွင် on 08:46 Rating: 5
Powered by Blogger.