မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ
နေပြည်တော်၊ ဇွန် ၃၀
ဇွန် ၂၇ နေ့ ၁၅၀၀ ချိန်တွင် နိုင်ငံတော် ပြုပြင် ပြောင်းလဲမှု များအား တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၌ ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ဌာန၊ တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ အင်အား ၂၅၀ ခန့်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရဲချုပ် ဇော်ဝင်းက ပြောကြားရာ၌- ယနေ့ နိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြုပြင်ပြောင်းလဲမှု များကို အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို(Fast Wave)အဖြစ် ညင်သာ ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့ပြီး ဒုတိယအဆင့်(Second Wave) အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုစသည့် ပြုပြင်ပြောင်းလဲမှုတို့ကို မဟာပျူဟာ လုပ်ငန်းစဉ်များအဖြစ်ချမှတ်ပြီး အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးကို ရေရှည်အခြေခံအုတ်မြစ် ခိုင်မာရေးအတွက် ချမှတ်ပေးရမယ့်အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်းဆောင်ရွက်ပေးရမယ့်အပိုင်းတွေကို တတိယအဆင့်(Third Wave)အဖြစ် အရှိန်မြှင့်တင်ပြီး လုပ်ငန်းစဉ်(၅)ရပ်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၏ ကနဦးကာလ၌ပင် နိုင်ငံတော်သမ္မတကြီးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်နေကြရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းသို့ ပြုပြင်ပြောင်းလဲသွားရန် လမ်းညွှန်မိန့်ကြားခဲ့ကြောင်း၊ ဤသည်မှာ ဒီမိုကရေစီခေတ်နှင့် ကိုက်ညီသော ရဲလုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၏ ရှေးဦးအဆင့်မှသည် ယခုတိုင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး တွင် အရှိန်အဟုန်ဖြင့် ပါဝင်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နိုင်ငံတကာ၌ကျင့်သုံးနေသော ဒီမိုကရေစီခေတ် ရဲလုပ်ငန်း၏ သဘောသဘာဝအား ရှင်းလင်းပြောကြားရာ ရဲတပ်ဖွဲ့သည် လူတစ်ဦးချင်းနှင့် လူအဖွဲ့အစည်းတွေကို ကောင်းကျိုးချမ်းသာ ရရှိဖို့အတွက် ထင်ရှားပေါ်လွင်မှုအရှိဆုံးနှင့် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင် ပေးနေရသူဖြစ်သဖြင့် အစိုးရ၏ မြင်သာမှုအရှိဆုံး ပုံရိပ်ဖြစ်ကြောင်း၊ ဒီမိုကရေစီဝါဒခံယူသော လူ့အဖွဲ့အစည်းတစ်ခုအတွက် ရဲတပ်ဖွဲ့၏ အဓိပ္ပါယ်မှာ တရားဥပဒေစိုမိုးရေးအတွက် လူသားတို့၏ ဂုဏ်သိက္ခာကိုလေးစားခြင်းဆိုသည့် တန်ဖိုးများဖြင့် ဆောင်ရွက်သူ၊ အကန့်အသတ်ဖြင့် သေချာစွာထိန်းချုပ် ထားသော အခြေအနေများတွင်သာ ပြည်သူတို့၏ဘ၀ထဲသို့ ၀င်ရောက်စွက်ဖက်ဆောင်ရွက် နိုင်ခွင့်ရှိသူ၊ မိမိလုပ်ဆောင်ချက်တွေအတွက် အများပြည်သူသိရှိအောင် တာဝန်ယူနိုင်သောသူဟု နိုင်ငံတကာတွင် သတ်မှတ် ကျင့်သုံးလျက်ရှိပါကြောင်း၊ ဒီမိုကရေစီအခြေပြုသည့် ရဲလုပ်ငန်းတွင် ကျင့်သုံးရမည့် မူဝါဒများကို နည်းစနစ်ကျနစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ပြည်သူတစ်ဦးချင်း၏ အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အလေးထားကာကွယ်စောင့်ရှောက်ရန် မှုခင်းကာကွယ်တားဆီးရန်နှင့် တိုက်ဖျက်ရန်ပြည်သူလူထုကို အထောက်အကူနှင့် ၀န်ဆောင်မှုများပေးရန် ပြည်သူလူထု၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကို လိုလိုလားလားတုန့်ပြန်ပေးရန် နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူလူထု အကျိုးစီးပွားအတွက် အသုံးပြုရန် စသည်များမှာ အစဉ်လေးစားဆောင်ရွက်ကြရမည့် ကဏ္ဍများဖြစ်ကြောင်း ရှင်းလင်းပြောကြား ပါသည်။
ဆက်လက်၍ ဒီမိုကရေစီရဲလုပ်ငန်း၏ တိုးတက်မှုသည် ထိန်းချုပ်မှုကို ရှေးရှုသော ချဉ်းကပ်မှုမှ ၀န်ဆောင်မှုကို ရှေးရှုသောချဉ်းကပ်မှုအဖြစ် ကူးပြောင်းနိုင်မှုအပေါ် မူတည်ကြောင်း၊ ဥပဒေအရအရေးယူ ဆောင်ရွက်မှု၏ အခြေခံအလေးထားမှုသည် မှုခင်းများဖြစ်လာမှ တုန့်ပြန်ခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ ဦးတည်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသော ရဲလုပ်ငန်း၏ အခြေခံမူတွေမှာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရဲကျင့်ဝတ်တွေနဲ့အညီ လူ့အခွင့်အရေးများကို လေးစားမှုနဲ့ တာဝန်ထမ်းဆောင်ခြင်း၊ ရဲတပ်ဖွဲ့ရဲ့ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုဖြင့် လူ့အဖွဲ့အစည်းကို ဗဟိုပြုခြင်း၊ ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းမှုနဲ့ စီမံခန့်ခွဲမှုတွေ စနစ်ကျနမှုဆိုသော အချက်များ ပါဝင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် မိမိလုပ်ရပ်တိုင်းအတွက် တာဝန်ယူမှုရှိရမှာဖြစ်ပြီး ဥပဒေပြဌာန်းချက်များ အတိုင်းလည်း အပြည့်အ၀လိုက်နာရမှာဖြစ်ကြောင်း၊ ဥပဒေပြဌာန်းချက်များကို လိုက်နာသည်ဆိုရာ၌ ပြည်တွင်းဥပဒေများသာမက နိုင်ငံတကာကသတ်မှတ်ထား သောစံနှုန်းများ၊ ဥပဒေများ၊ ကျင့်ဝတ်များကိုပါ မိမိရေမြေနှင့် ကိုက်ညီအောင် ပြောင်းလဲကျင့်သုံးကြရမည်ဖြစ်ကြောင်း ထို့အတွက် ရဲတပ်ဖွဲ့သည် UNODC ၏ အကူအညီဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေးအစီအမံများကို ရေးဆွဲရန်ဆောင်ရွက်နေကြောင်း၊EU ၏ ပံ့ပိုးမှုဖြင့် Crowd Management နှင့် Community Policing ကို လက်တွေ့ကျင့်သုံးနိုင်ရန် လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်နေကြောင်း၊ UNDP, OCHA, ICRC တို့၏ ပူးပေါင်းကူညီမှုဖြင့် လူ့အခွင့်အရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ နိုင်ငံတကာ၌ လက်ခံကျင့်သုံးနေသည့် ရဲအရာရှိများလိုက်နာရမည့် ကျင့်ဝတ်သိက္ခာများစသည့် ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို တပ်ဖွဲ့အတွင်း စဉ်ဆက်မပြတ်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် Eu ၏ အကူအညီဖြင့် အင်္ဂလိပ်စကားပြောသင်တန်းများဖွင့်လှစ်၍ တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့် တင်ရေးကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းပြည်ပသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရာ၌ ပြည်သူလူထု အကျိုးစီးပွား ကိုသာ ထည့်သွင်းစဉ်းစားပြီး ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ ဘက်လိုက်ခြင်းမရှိဘဲ သမာသမတ်ကျကျ ပြည်သူ့ဝန်ကို ထမ်းဆောင်ပေးရမှာဖြစ်ကြောင်း ထိုသို့ ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ဝင်များအား အစိုးရသစ် လက်ထက်တွင် ရိက္ခာထောက်ပံ့ကြေး၊ လစာထောက်ပံ့ကြေး၊ အမှုလိုက်စရိတ်များ၊ ရုံးအသုံးစရိတ်များ၊ သင်တန်းစရိတ် ထောက်ပံ့ကြေးများ၊ အချုပ်သားထမင်းကြွေးစရိတ်၊ ရေ မီး ဖုန်း အသုံးစရိတ်များ၊ လစဉ်ပုံမှန် ထောက်ပံ့ပေးခဲ့သည့်အပြင် မော်တော်ယာဉ်များ၊ ရဲဝတ်တန်ဆာများ၊ ရုံးသုံးစာရွက်စာတမ်းပရိဘောဂများ၊ လုံခြုံရေးအထောက်အကူပစ္စည်းများစသည့် ရုပ်ဝတ္ထုဆိုင်ဖြည့်ဆည်းမှုများကို အစွမ်းကုန်ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုပြုလုပ်ရသူများသည် လူသားတို့၏ ဂုဏ်သိက္ခာကိုလေးစားခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အခြေခံလူ့အခွင့်အရေးများအပြင် နိုင်ငံသား အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းစသော နည်းလမ်းများဖြင့် မိမိတာဝန်များကို ထမ်းဆောင်ကြရမှာဖြစ်သဖြင့် နိုင်ငံသားအားလုံးကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ၊ အသား အရောင်၊ လိင်၊ လူမျိုး၊ ဘာသာစကား၊ ဘာသာရေး၊ ခံယူချက်၊ ပိုင်ဆိုင်မှု၊ ဇာတိရင်းမြစ်နှင့် မျိုးရိုးစတဲ့ အဆင့် အတန်း၊ အမျိုးအစားများအလိုက် ခွဲခြားမှုမရှိဘဲ ညီတူညီမျှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ ဥပဒေဘောင်အတွင်းမှသာလျှင် လုပ်ငန်း တာဝန်များကိုဆောင်ရွက်ကြောင်း ရှုမြင်လာကြစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏ တာဝန်ခံနိုင်မှုဆိုသည်မှာ ရဲအရာရှိတစ်ဦးချင်း၏ အပြုအမူများမှအစ ရဲလုပ်ငန်းလည်ပတ်မှုများ၊ ခန့်အပ်သည့် လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ရ/သုံးငွေ စီမံခန့်ခွဲမှုများဆိုင်ရာနည်းဗျူဟာများအထိ ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများကို အမျိုးစုံသော ကြီးကြပ်အဖွဲ့အစည်းများမှ လေ့လာနိုင်ရန် လမ်းဖွင့်ပေးထားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ လူ့အခွင့်အရေးကော်မရှင်များ၊ ပြည်သူတို့၏ တိုင်ကြားစာများအား စစ်ဆေးသုံးသပ်သည့်ဘုတ်အဖွဲ့များ မီဒီယာများသည် အရေးပါသောကဏ္ဍမှပါဝင်ပါကြောင်း၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိရန် အတွက် ဆောင်ရွက်ရမည့် လိုအပ်ချက်တစ်ခုမှာ ရဲလုပ်ငန်းဆောင်ရွက်မှုများကို မြင်သာထင်သာရှိစေရန် စီစဉ်ပေးပြီး၊ မှုခင်းနှင့်ရဲလုပ်ငန်း ဆောင်ရွက်ချက်များနှင့် အစီရင်ခံချက်များကို လူထုထံဖြန့်ချိခြင်း၊ ပြည်သူလူထုအတွက် ရဲတပ်ဖွဲ့ဝန်ဆောင်မှုများထူထောင်ခြင်း၊ မှုခင်းနှင့် လုံခြုံရေးဆိုင်ရာပြဿနာများကို ပွင်လင်းစွာဆွေးနွေးနိုင်သည့် ဖိုရမ်များ ဖန်တီးပေးခြင်း၊ လူထုအခြေပြုရဲလုပ်ငန်းကိုမိတ်ဆက်ခြင်း စသည်တို့ဖြင့် ရဲတပ်ဖွဲ့နှင့်ပြည်သူအကြား ဆက်ဆံရေးနှင့်အပြန်အလှန်နားလည်မှုကို ပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ရဲတပ်ဖွဲ့နှင့်ပြည်သူအကြား ဆက်ဆံရေး ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အောက်ခြေအဆင့် ရဲစခန်းများအထိ တာဝန်ရှိသောတပ်ဖွဲ့ဝင်များသည် ရပ်မိရပ်ဖများ လူထုလူတန်းစား အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့် အနည်းဆုံး တစ်လတစ်ကြိမ် မဖြစ်မနေတွေ့ဆုံ၍ မိမိတို့ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကိုရှင်းပြခြင်း၊ လူထုအသံကို နားထောင်၍ ပြုပြင်သင့်သည်များ ပြုပြင်ခြင်းတို့ကို ဆွေးနွေးပွဲများဆောင်ရွက်စေခဲ့ပါကြောင်း၊ နောင်တွင် ရဲစခန်းသို့ ခေါ်ယူတွေ့ဆုံခြင်းအစား လူထုအကြား မိမိတို့က သွားရောက်တွေ့ဆုံကြရန်ညွှန်ကြား ဆောင်ရွက်စေလျက်ရှိကြောင်း ပြောကြား ပါသည်။
ရဲတပ်ဖွဲ့ဝင်များသည် လူထုအခြေပြုရဲလုပ်ငန်းနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားတတ်သည့် ဒေသဆိုင်ရာ ပြဿနာများကိုဖြေရှင်းပေးနိုင်ရန်အတွက် ပြဿနာ ဖြေရှင်းမှုကိုရှေးရှုသော ရဲလုပ်ငန်း (Problem Oriented Policing) ဆိုင်ရာသဘောတရားများနှင့် စွမ်းရည်များကိုလည်း သိရှိနားလည် တတ်ကျွမ်းရန်လိုအပ်ပါကြောင်း၊ ပြဿနာရင်းမြစ်များကိုရှေးရှုသောရဲလုပ်ငန်းသည် ပြစ်မှုတရား စီရင်ရေး စနစ်အပေါ်မှီခိုခြင်းမရှိဘဲ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မှုခင်းများဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် ကြိုတင်တားဆီးကာကွယ်သော နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တပ်ဖွဲ့ဝင်သစ်စုဆောင်းသည့် မူဝါဒများတွင် အမျိုးသမီးများ၏ အရေအတွက်လုံလောက်စွာပါဝင်ရေး၊ ၎င်းတို့ ပါဝင်သောရာခိုင်နှုန်းများ မြှင့်တင်ရေးများ ပါဝင်သင့်သည်ကို ဂရုပြုရမည်ဖြစ်ကြောင်း၊ ထိုအချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင်သစ်များ အရာရှိလောင်းများကို အချိုးအစားတိုးမြှင့် ခေါ်ယူလျက်ရှိပြီး အဆင့်မြင့်အရာရှိကြီးများအဆင့်အထိ ရာထူးတိုးမြှင့်တာဝန်ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် လေ့ကျင့်သင်တန်း အစီအစဉ်များတွင် နိုင်ငံတကာ ရဲလုပ်ငန်းစံနှုန်းများနှင့် လူ့အခွင့်အရေးများကို ထည့်သွင်းသင်ကြားပေးခြင်း၊ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်းနှင့် နိဂုံးချုပ်အားဖြင့် ရဲတပ်ဖွဲ့များ၏ပင်မတာဝန်သည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းများကို ကာကွယ်တားဆီးခြင်းအားဖြင့် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အား နိုင်ငံတကာ၏အားတို့ဖြင့် ပြုပြင်ပြောင်းလဲရေးတည်ဆောက်နေချိန်တွင် တပ်ဖွဲ့ဝင်များကလည်း အသွန် သဏ္ဍာန်များအပြင် အနှစ်သာရပိုင်းဖြစ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲခံယူကျင့်သုံးရေးအတွက် ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရဲဦးစီးအရာရှိချုပ်က ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုများကိုလည်ကောင်း၊ ရဲထောက်ချုပ်က ရဲတပ်ဖွဲ့အား ရုပ်ဝတ္ထုပိုင်းအရ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဌာနမှူး(ဆက်သွယ်ရေး)က e-Government အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် အစီအမံများကိုလည်းကောင်း မိမိတို့ ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးရှင်းလင်းကြပြီး ဆွေးနွေးပွဲကို ၁၈၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်

Reviewed by သစ်ထူးလွင်
on
17:00
Rating: