အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြု ကြတဲ့ပြည်သူ လူထုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရရှိမယ်လို့  ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
အခုချိန်မှာတော့ တစ်နိုင်ငံလုံးရရှိတဲ့ လက်မှတ်စာရင်းတွေကို ရေတွက်နေဆဲဖြစ်တဲ့အတွက် ခန့်မှန်းခြေသာပြောလို့ ရသေးတယ်လို့  ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်တို့တွေ အခုမှ နေနေရတယ်၊ အခုမှရောက်လာကြတာလေ၊ နောက်ရက်တွေလည်း လာဦးမှာ အတိအကျတော့ မပြောနိုင်ဘူး၊ ကျနော့ ခန့်မှန်းချက်ကတော့ အနည်းဆုံး ၁၀ သန်းလောက်တော့မှန်းတယ်"
မေလကစတင်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံအနှံ့  လက်မှတ်ကောက်ယူ စုဆောင်းတာကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ ကအဆုံးသတ်ခဲ့တာပါ။
ရရှိတဲ့ လက်မှတ်အရေအတွက်ကို အတိအကျထုတ်ပြန်နိုင်ဖို့ သတင်းတပတ်ကျော်လောက် ကြာနိုင် ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ စာရင်းချုပ်ပြီးတဲ့အခါမှာလည်း အစိုးရ၊ လွှတ်တော် နဲ့ ပြည်သူသိအောင် ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂၊ ပုဒ်မ ၄၃၆ မှာဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ပုဒ်မ ပေါင်း ၉၀ လောက်ကို ပြင်ဆင်မယ်ဆိုရင်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ရဲ့ ထောက်ခံချက်ရှိမှ ပြင်ဆင်ခွင့်ရှိမှာဖြစ်သလို၊ အဲ့ဒီလိုပြင်ဆင်လိုက်တဲ့ဥပဒေကို လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲဆန္ဒရှင်ရာခိုင်နှုန်း ထက်ဝက်ကျော် သဘောတူမှ ပြင်ဆင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရပြီလို့ NLD ပြောကြား
Reviewed by သစ်ထူးလွင်
on
21:20
Rating: