မလေးရှားလေယာဉ်ကို ပစ်ချတဲ့ အမှုဟာ စစ်ရာဇာဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂလူ့ အခွင့်အရေး အဖွဲ့က ပြောလိုက်ပါတယ်။ ခုချိန်ထိ ရုရှားကို ထောက်ခံတဲ့ သူပုန်နဲ့ ယူကရိန်းတပ်တွေက လေယာဉ်ပစ်ချမှုနဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် စွပ်စွဲနေကြဆဲ ဖြစ်ပါတယ်။
ဒီကိစ္စဟာ စစ်ရာဇာဝတ်မှု မြောက်နိုင်ပြီး သီးသန့် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းရေး အဖွဲ့ကို ဝင်ခွင့်ပေးပြီး အဲဒီကနေတဆင့် ဘယ်သူ့ကို တရားစွဲသင့် သလဲဆိုတာ ဆောင်ရွက် ရမယ်လို့ ကုလသမဂ္ဂက ပြောသွားခဲ့ပါတယ်။
လေယာဉ် ပစ်ချခံရ မှုတွေကြောင့် အရှေ့ အလယ်ပိုင်းရဲ့ အကြီးမားဆုံး လေကြောင်းလိုင်း ဖြစ်တဲ့ Emirates လေကြောင်းလိုင်း ကလည်း စစ်ဖြစ်နေတဲ့ အီရတ်နိုင်ငံပေါ်ကို မပျံသန်းတော့ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ သြစတြေးလျ နိုင်ငံက စုံစမ်း စစ်ဆေးရေး ရဲတပ်ဖွဲ့ကို မလေးရှားလေယာဉ် ပစ်ချခံရတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းထဲ ဝင်ရောက်လို့ ရအောင် ထပ်မံ ကြိုးစား လုပ်ဆောင် သွားမယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။
လက်နက် ကိုင်ဆောင်ခွင့် မရတဲ့ သြစတြေးလျနဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့တွေ အဲဒီနေရာမှာ ဝင်ရောက်ဖို့ စီစဉ် ထားပေမယ့် တိုက်ခိုက်မှုတွေ ရှိနေတဲ့ အတွက် ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
ယူကရိန်း တပ်ဖွဲ့ အနေနဲ့ အဲဒီဒေသရဲ့ ကီလိုမီတာ ၄၀ ပတ်လည်မှာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ထားတယ်လို့ ယူကရိန်း သမ္မတက သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘိရှော့ပ်နဲ့ တွေ့ဆုံခဲ့တုန်းက ပြောသွားခဲ့ပါတယ်။ အဲဒီဒေသတဝိုက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့ သက်သေတွေရှိနေတဲ့ အချိန်မှာပဲ ပြောသွား ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ ဒေသမှာ ဖြစ်နေတဲ့ ပစ်ခတ်မှုတွေကို အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ သြစတြေးလျစုံစမ်းစစ်ဆေးရေး သမားတွေကို လက်နက်ကိုင်ပြီး ဝင်ခွင့်ပေးဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းပါလီမန်ကို တိုက်တွန်းထားပါတယ်။ ဒီကိစ္စကို ယူကရိန်းပါလီမန်က လာမယ့် ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ကြဖို့ရှိပါတယ်။
ပစ်ချခံရတဲ့ မလေးရှားလေယာဉ်ပေါ်လိုက်ပါသူ ၂၉၈ ယောက်စလုံး သေဆုံးခဲ့ရပြီး အဲဒီထဲမှာ သြစတြေးလျနိုင်ငံသား ၃၇ ယောက် ပါဝင်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-29/1349294

![]() |
သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး Julie Bishop နဲ့ ယူကရိန်း သမ္မတ Petro Poroshenko တို့ လက်ဆွဲနှုတ်ဆက်ကြစဉ် (Credit: AFP) |
MH17 နေရာကို သွားရောက် စစ်ဆေးနိုင်ဖို့ သြစီနဲ့ ဒတ်ခ်ျရဲတွေ ကြိုးစားနေဆဲ
Reviewed by သစ်ထူးလွင်
on
06:46
Rating: