ပစ်ချခံ MH17 လေယာဉ် ပျံသန်းမှုမှတ်တမ်းတင်စက် ပျောက်ဆုံးနေ

 ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပစ်ချခံလိုက်ရတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်စက် ဘလက်ဘောက်စ် ပျောက်ဆုံးနေဆဲပဲလို့ ယူကရိန်း အစိုးရ လုံခြုံရေးကောင်စီ ပြောခွင့်ရသူက ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ယူကရိန်း အရာရှိတွေလက်ထဲကို ဘလက်ဘောက်စ် မရောက်သေးသလို့ ဘာသတင်း အချက်အလက်မှလည်း မရသေးဘူးလို့ အစိုးရပြောခွင့်ရသူ အန်ဒရီလီ လီရှန်ကိုက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်း အစိုးရက ပျက်ကျသွားတဲ့ လေယာဉ်နဲ့ပတ်သက်တဲ့ သက်သေအထောက်ထားတွေကို စုဆောင်းတာကို သူပုန်တွေက ခွင့်မပြုဘူးလို့ ပြောပါတယ်။

အကယ်၍ သူပုန်တွေက လက်နက်ချပြီး နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း အခြေအနေတွေကို လေ့လာဖို့ ၀င်ခွင့်ပြုမယ်ဆိုရင် အပစ်ရပ်ဖို့ ယူကရိန်း အစိုးရဘက်က အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေဟာ အိုအက်စီအီး လို့ ခေါ်တဲ့ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်တွေကို လေယာဉ်ပျက်ကျသွားတဲ့ နေရာက တချို့အပိုင်းတွေကို ၀င်ရောက်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ နေရာကို စစ်ဆေးနေပြီး ပျက်ကျသွားတဲ့ လေယာဉ်က စက်တလုံးလည်း ရှိနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

စောင့်ကြည့်ရေးအဖွဲ့တွေဟာ နယ်ခံတွေနဲ့ စကားပြောတာကိုလည်း သူပုန်အဖွဲ့က ခွင့်ပြုတယ်လို့ သတင်းက ဆိုပါတယ်။

မလေးရှားလေကြောင်းလိုင်း အမ်အိတ် ၁၇ ဟာ ဇူလိုင်လ ၁၇ ရက်နေ့က နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဆီကို ပျံသန်းတဲ့ ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းအရောက်မှာ ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရပြီး လေယာဉ်ပေါ်ပါတဲ့ ၂၉၈ ယောက်လုံး သေဆုံးခဲ့ပါတယ်။ အခုအထိတော့ ဘယ်သူ့လက်ချက်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60669

ဓာတ်ပုံ - ရိုက်တာ

ပစ်ချခံ MH17 လေယာဉ် ပျံသန်းမှုမှတ်တမ်းတင်စက် ပျောက်ဆုံးနေ  ပစ်ချခံ MH17 လေယာဉ် ပျံသန်းမှုမှတ်တမ်းတင်စက် ပျောက်ဆုံးနေ Reviewed by သစ်ထူးလွင် on 15:15 Rating: 5
Powered by Blogger.