ဇူလိုင် ၁၀ရက်၊ ၂၀၁၄ခုနှစ်။
ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)က ယခု ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၂နေရာ ၀င်ပြိုင်မည်ဖြစ်ကြောင်း KPP ပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တွေဖြစ်တဲ့ ရန်ကန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ တရားသူကြီးဟောင်း စောဒစ်ဆင်ထွန်းလင်းနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အငြိမ်းစား သတ္တဗေဒ ကထိက ဆရာမ နန့်ခင်အေးဦးတို့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်”ဟု စောစေးဝါးက ပြောဆိုသည်။
လစ်လပ်နေသည့် ယင်းမဲဆန္ဒနယ် နှစ်ခုအနက် လက်ရှိ ပန်းတနော်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ အားကောင်းနေသည်ကို တွေ့ရသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု KPP က ဆိုသည်။
ပန်းတနော်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ဆရာမ နန့်ခင်အေးဦးက“၀င်ပြိုင်ဖို့ကတော့ ကျမယုံကြည်မှု အပြည့်ရှိပါတယ်။ ပြီးတော့ ပန်းတနော်တမြို့နယ်လုံးက မဲဆန္ဒရှင်တွေကို တရားဥပဒေအတိုင်း အကာအကွယ် အပြည့်အဝရဖို့အတွက် လုပ်ပေးသွားမယ်လို့ ပြောချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အင်းစိန်မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ပြိုင်မည့် စောဒစ်ဆင် ထွန်းလင်းကလည်း မြန်မာပြည်တွင်း၌ တရားစီရင်ရေး အပေါ် အုပ်ချုပ်ရေးအပိုင်းက လွှမ်းမိုးနေသည်ကို တွေ့ရပြီး အင်းစိန်မြို့နယ်တွင် မိမိအရွေးခံရပါက မြို့နယ် အတွင်းရှိ ၄၀ ရာခိုင်းနှုန်းသော ကရင်ပြည်သူများအတွက်သာမက တစ်မြို့နယ်လုံးရှိ လူထုကို တရားရေး အကာအကွယ် အပြည့်အဝခံစားရစေရန် လုပ်ဆောင်သွားရန်ရှိသည်ဟု ပြောဆိုသည်။
ယင်းမဲဆန္ဒနယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ကရင်အမတ်လောင်းများကို ဆန္ဒမဲပေးမည်ဖြစ်ကြောင်းကို အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ယိုးဒယားဈေးအနီး နေထိုင်သည့် နော်မူလားက “ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ ပြိုင်ပြိုင် ကရင်ပါတီပါတယ်ဆို ကိုယ့်ကရင်ပါတီကိုပဲမဲပေးမယ်၊ အားပေးမယ်” ဟု ကေအိုင်စီသို့  ပြောသည်။
ယခု ၂၀၁၄ခုနှစ်၊ နှစ်ကုန်ပိုင်းပွင့်လင်းရာသီ၌ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် ရွေးကော်ပွဲမတိုင်ခင် အသေးစိတ်အချက်အလက်များကို သုံးလကြိုတင် သတင်းထုတ်ပြန်ပေး မည်ဖြစ်သည်ဟု ပြောဆိုထားကြောင့် လက်ရှိအချိန်နီးလာသည်နှင့်အမျှ နိုင်ငံရေးပါတီများက ကြိုတင်ပြင်ဆင်မှု များ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
KPP အနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၃ နေရာ ၀င်ယောက်ယှဉ်ပြိုင်ခဲ့ရာ ၆ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကော်ပွဲ ကျင်းပစဉ်က ၀င်ယောက်ယှဉ်ပြိုင်ခြင်း မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
စောထွန်းလင်း
ကေအိုင်စီ - KIC News / http://www.kicnews.org/

ပြုလုပ်ရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် KPP နှစ်နေရာ ၀င်ပြိုင်မည်
Reviewed by သစ်ထူးလွင်
on
19:36
Rating: