တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၁)

God Army တပ်မှူးတွေ လက်နက်ချပြီ

ရတ်ချပူရီဆေးရုံစီးနင်းမှုဖြစ်ပြီး တနှစ်ဝန်းကျင်လောက် ကြာတဲ့အခါမှာတော့ God Army တပ်မှူး ၂ ဦး ဖြစ်တဲ့ ဂျော်နီနဲ့ လူသာထူး အပါအ၀င် တပ်ဖွဲ့ဝင်တဒါဇင်ခန့် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချတယ်ဆိုပြီး သတင်းဝင်လာပါတယ်။ ထန်ဟင်ဒုက္ခသည်စခန်းနဲ့ သိပ်မဝေးတဲ့ တဂိုလန်းကျေးရွာရှိ ကရင်သတင်း ရပ်ကွက်တခုကနေ ကျနော်ဆီဖုန်းဆက်လာတာပါ။ ကမာပုလောစခန်းကျပြီး ဆုတ်ခွာလာတဲ့ God Army နဲ့ VBSW မှ တပ်ဖွဲ့ဝင်တချို့ဟာ တဂိုလမ်းနယ်စပ်ဘက်ရောက်လာပြီး ထိုင်းဘက်က ဖိအားများ လွန်းတဲ့အတွက် အခုလို လက်နက်ချဖို့ ဖြစ်လာတာလို့ သူတို့ကဆိုပါတယ်။


(God Army တပ်မှုး ၂ ဦးကို ၁၉၉၉ ၀န်းကျင်နဲ့ ၂၀၁၃ ခုနှစ်မှာတွေ့ရစဉ်။ ဓာတ်ပုံ- AP)

ဒီလိုနဲ့ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတရက်မှာ တဂိုလမ်းရွာနဲ့ သိပ်မဝေးတဲ့ စ၀မ်ဖွန်း (Suan Phung) မြို့က ထိုင်း-နယ်ခြားစောင့်တပ်ရင်းတခုမှာ ကျင်းပတဲ့ God Army သတင်းစာရှင်းပွဲဆီ ကျနော်ရောက်သွားပါတယ်။ နယ်စပ်နဲ့တောတောင်တွေထဲ တယောက်တည်းသွားနေကြ ကျနော်ဟာ အခုလို ထိုင်းအာဏာပိုင်တွေနဲ့တွေ့ရမယ့် ပွဲမျိုးဆိုရင် တယောက်တည်း မသွားရဲပါ။ ဒီတော့ ထုံးစံ အတိုင်း ID ခိုင်တဲ့ သတင်းသမားမိတ်ဆွေတွေ လိုက်ရှာရတာပေါ့။

ဒီတကြိမ် ကျနော်နဲ့တွဲမိတဲ့ ကံဆိုးသူတဦးကတော့ BBC မြန်မာပိုင်းမှ သတင်းသမား ကိုကိုအောင်ပါ။ BBC ရုံးက ကားနဲ့သွားမယ်လို့ပြင်ထားပြီးမှ ဘာကြောင့်မှန်းမသိ၊ အဲဒီကားက အဆင်သင့်ဖြစ်မနေပါ။ ဒီတော့ နီးစပ်ရာ (Taxi Meter) တက္ကစီတစီးကိုငှားပြီး ကျနော်တို့နှစ်ယောက် ရတ်ချပူရီခရိုင်ထဲက စ၀မ်ဖွန်းမြို့ဆီ ထွက်လာပါတယ်။ သတင်းစာရှင်းပွဲလုပ်မယ့် အချိန်က နေ့လယ် ၁ နာရီ၊ ကျနော်တို့ ထွက်လာတဲ့အချိန်က မနက် ၁၀ နာရီကျော်နေပြီ။ ကားမောင်းချိန်က ၂ နှစ်ရီကျော်မယ်လို့ ထင်ပါ တယ်။

ကားသမားက အင်္ဂလိပ်စကားသိပ်မရ။ ကျနော်တို့ကလည်း ထိုင်းစကားသိပ်မရ။ ဒီတော့ ထိုင်းတ၀က်၊ အင်္ဂလိပ်တ၀က်နဲ့ စကားပြောကြပြီး ကျနော်တို့ဟာ မြန်မာသတင်းထောက်တွေဖြစ်တဲ့အကြောင်း၊ God Army ပွဲကို သတင်းသွားယူဖို့ လာကြောင်းပြောရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာ့နိုင်ငံ ရေးအခြေနေအကြောင်းတွေပါ ပြောဖြစ်လိုက်ပါတယ်။ ကားသမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုက ရေစီအရေးလှုပ်ရှားသူတွေကို ထောက်ခံကြောင်း ''ဒီး ဒီး'' နဲ့ လက်မထောင်ပြနေပါတယ်။ ကျနော်တို့ ရှင်းပြတာကို တကယ်နားလည်လို့ လက်မထောင်ပြတာလား။ သူ့ကားကိုငှားလာလို့ တာဝန်အရ ထောင်ပြတာလားဆိုတာကတော့ သိပ်မကွဲပြားလှ။

နေ့လယ် ၁ နာရီမထိုးခင်လေးမှာ ရဲစခန်းနဲ့သိပ်မဝေးတဲ့ တောချတော (နယ်ခြားစောင့်တပ်) တပ်ရင်း ဆီ ရောက်သွားတော့ ကျနော်တို့ အရင်ရောက်နေတဲ့ သတင်းထောက်ကားတွေအများကြီး။ အတော် များများက သက်ဆိုင်ရာသတင်းဌာနက တံဆိပ်ပါတဲ့ကားတွေ၊ ပြီးတော့ ပေါင်မှုန့်ကားလို့ခေါ်ကြတဲ့ အဖြူရောင်ဗင်ကားတွေ။ ထူးထူးခြားခြား Taxi Meter တံဆိပ်ကြီးနဲ့ ၀င်လာတဲ့သတင်းထောက်ဆိုလို့ ကျနော်တို့ နှစ်ဦးပဲရှိပါတယ်။ သတင်းယူဖို့လာတာပဲ။ ဘယ်ကားနဲ့လာလာ ရောက်ဖို့က အဓိက မဟုတ် ပါလား။

သတင်းထောက်ကနေ အချုပ်သားဖြစ်သွားတဲ့ ခဏတာ

အဲဒါက ကျနော်တို့သတင်းသမားတွေဘက်က စဉ်းစားချက်ပါ။ လုံခြုံရေးတာဝန်ရှိသူတွေဘက်က စဉ်း စားပုံက ကျနော်တို့နဲ့တူပုံမရ။ ဘာကြောင့်လဲဆိုရင် ဒီပွဲဟာ God Army သတင်းစာရှင်းပွဲဆိုပေမယ့် ထိုင်းဝန်ကြီးချုပ် ချွမ်လိပိုင်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဆုရာယုတို့ကိုယ်တိုင် လာရောက်မှာဖြစ်ပြီး နယ် စပ်အနီးမှာကျင်းပမယ့် ပွဲဖြစ်တာကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ထားပုံရပါတယ်။ ကျနော်တို့က တော့ ဒါတွေကို မစဉ်းစားဖြစ်ပါဘူး။ သတင်းစာရှင်းပွဲလုပ်မယ့် အဆောက်ဦရှေ့က အခြားသတင်း ထောက်တွေနဲ့အတူရောပြီး မိုက်ကရိုဖုန်းထုတ်၊ တယ်လီဖုန်းဆက်နဲ့ သတင်းယူဖို့ အဆင်သင့်ပြင်ကြ ပါတယ်။


(၂၀၀၁ ခုနှစ် ဇန်နာဝါရီလမှာ လက်နက်ချခဲ့တဲ့ God Army တပ်မှုးများ။ ဓာတ်ပုံ- ထက်အောင်ကျော်)

အဲဒီအချိန်မှာ အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့ လက်နက်ကိုင်စစ်သား ၃-၄ ဦးရောက်လာပြီး ''ခင် ဗျားတို့ မြန်မာတွေလား'' လို့ ထိုင်းဘာသာနဲ့ မေးပါတယ်။ ဟုတ်တယ်ပေါ့။ သူက BBC က၊ ကျနော်က DVB ကဆိုပြီး ပြောပါတယ်။ သတင်းထောက်ကတ်ပြခိုင်းတော့ ကျနော့်မှာ ဘာမှပြစရာမရှိ။ ကိုကို အောင်က ကတ်မေ့ကျန်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဆိုရင် Passport ပြပါလို့ ပြောပါတယ်။ ကိုကို အောင်က Passport ပါမလာတဲ့အတွက် BBC Work Permit စာအုပ်ကို ပြလိုက်ပါတယ်။ ခက် နေတာက ကျနော်။

ကျနော်မှာ Passport ပါလာပေမယ့် အဲဒါကအတုကြီး၊ ရွဲလည်း အတော်ရွဲနေတယ်ဆိုတော့ အဲဒါကြီး ပြလိုက်မှ စာအုပ်အတုမှုနဲ့ အဖမ်းခံနေရရင် ပိုဆိုးမယ်ဆိုပြီး ဘာမှမပြဘဲ မယုံရင် အော်စလိုရုံးကို ဖုန်း ဆက်ပါလို့ ပြောလိုက်ပါတယ်။ အဲဒီအချိန် အော်စလိုမှာ မနက် ၆ နာရီဆိုတော့ ရုံးမှာ ဘယ်သူမှရှိပုံမရ။ ဒီတော့ ထိုင်းစစ်သားတွေက ကျနော်အပေါ် သံသယ၀င်လာပုံရပါတယ်။ ကျနော်တို့နှစ်ယောက် စလုံး ကို (တကယ်က ဖမ်းသွားတဲ့သဘော) လုံခြုံရေးဂိတ်တဲထဲခေါ်ပြီး ထိုင်းခိုင်းပါတယ်။ ပြီးတော့ ကျနော် တို့ရဲ့ ရီကော်ဒါထဲက အသံတွေ၊ မှတ်စုထဲက ဖုန်းနံပါတ်တွေကို စစ်ပါတယ်။

ကံကဆိုးချင်တော့ ကျနော်မှတ်စုထဲက ဖုန်းနံပါတ်စာရင်းထဲမှာ ထန်းဟင်ဒုက္ခသည်စခန်းဥက္ကဋ္ဌ အမည် နဲ့နံပါတ်တွေ၊ KNU တပ်မဟာ ၄ က ခေါင်းဆောင်တွေရဲ့ အမည်နဲ့ နံပါတ်တွေကို တွေ့သွားပါတယ်။ ''ခင်ဗျား Passport နဲ့ ရန်ကုန်ကနေလာတာလား၊ နယ်စပ်အဖွဲ့စည်းတခုခုကလား'' ဆိုပြီး ထိုင်းစစ် ဗိုလ်ကမေးပါတယ်။ ရန်ကုန်ကနေ လာတဲ့အကြောင်း၊ သတင်းထောက်တာဝန်အရ နယ်စပ်က လူတွေ အားလုံးနဲ့ အဆက်သွယ်ရှိဖို့လိုအပ်ကြောင်းရှင်းပြပေမယ့် ထိုင်းစစ်ဗိုလ်က ကျနော့်ကိုမယုံတော့ပါ။ ကို ကိုအောင်ကို သွားချင်သွားလို့ရပြီ။ ဒီလူကိုတော့ ဒီမှာ ခဏထားခဲ့ပါ ဆိုပြီး အဲဒီစစ်ဗိုလ်က ပြောနေပါ တယ်။

အဲဒါမှ ဒုက္ခ။ ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ရဟတ်ယာဉ်ဆင်းသံ၊ တခြားသတင်းထောက် တွေရဲ့ကားတွေ ထပ်ရောက်လာသံကြားနေရပြီး သတင်းစာရှင်းပွဲစဖို့ ဖိတ်ခေါ်သံပါ ကြားနေရပါပြီ။ ကိုကိုအောင်လည်း ကျနော့်ကိုထားပြီး ထွက်သွားရမလား ဝေခွဲရခက်နေပုံပါပဲ။ ထိုင်း TV သတင်း ထောက်တွေကလည်း ကျနော်တို့ကို TV ရိုက်နေကြပါပြီ။ သတင်းလာယူတဲ့ သတင်းထောက်က သ တင်းဖန်တီးသူဖြစ်ရတော့မယ့် ကိန်းပါပဲ။

အဲဒီအချိန်မှာ ကံကောင်းထောက်မစွာနဲ့ လုံခြုံရေးဂိတ်တဲရှေ့လာရပ်တဲ့ ကားပေါ်ကဆင်းလာသူ သ တင်းထောက်တွေထဲ ကျနော်နဲ့အတူ အိန္ဒိယခရီးစဉ်အတူသွားဖူးတဲ့၊ ကျနော်ဆောင်းပါးတွေကို ဖတ်ဖူး တဲ့ the Nation သတင်းစာက နာမည်ကြီးသတင်းထောက် ဒွန်ပါသန်ကို ကျနော်လှမ်းမြင်လိုက် ပါတယ်။ သူ့ကိုအော်ခေါ်ပြီး အခြေနေကိုရှင်းပြတော့ သူက ထိုင်းစစ်ဗိုလ်နဲ့ ထိုင်းဘာသာနဲ့ ပြောနေပါ တယ်။ ကျနော်က သိပ်နားမလည်ပါ။ ဒါပေမယ့် သူပြောတဲ့အထဲ တာ့ဆင်တို့၊ ချွမ်လိပိုင်တို့၊ အတိုက်ခံ တို့၊ အစိုးရတို့ ပါနေတဲ့အတွက် အတိုက်ခံသတင်းဌာနဘက်က ကျနော်လည်း သတင်းယူခွင့်ရှိကြောင်း၊ ကျနော့်ကို သူ ကောင်းကောင်းသိကြောင်း၊ သူတာဝန်ယူကြောင်း စသဖြင့်ပြောတော့ ထိုင်းစစ်ဗိုလ်က ကျနော့်ကို ဆက်ဖမ်းထားဖို့ ခက်သွားပုံရပါတယ်။

သတင်းယူခွင့်တော့ပေးမယ်။ ဒါပေမယ့် သူတို့ဆီက အရပ်ဝတ်လုံခြုံရေးတဦးက အနီးကပ်လိုက်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လိုက်ချင်လိုက်ပေါ့။ ဟိုမှာ သတင်းစာရှင်းပွဲက စတော့မယ်။ အမြန်လုပ် ကြလို့ပြောပြီး ကျနော်တို့အားလုံး သတင်းစာရှင်းပွဲလုပ်တဲ့ အခန်းဘက် ပြေးလာကြပါတယ်။ အရပ်ဝတ် သန်မာထွားကြိုင်း စစ်ဗိုလ်တဦးကလည်း ကျနော်ဘေးကနေ ယှဉ်ပြေးလို့ပေါ့။

တွေ့ပါပြီ။ ဟိုမှာ မဟာနာမည်ကျော် God Army ဘုရားသခင်းတပ်မတော်က တပ်မှူးကြီးနှစ်ဦး။ တ ကယ့်ကလေးလေးတွေ။ အသက်ကရှိလှ ၁၂-၁၃ ပေါ့။ တဦးက ဆံပင်ရှည်ကို ဒီတိုင်းထားထား ဆဲ ဖြစ်ပေမယ့် နောက်တဦးကတော့ ဆံပင်ညှပ်ထားပါတယ်။ သူတို့ဘေးမှာလည်း သူတို့နဲ့သက်တူရွယ်တူ ကလေးငယ် တဒါဇင်ခန့်ရှိမယ်။ ကလေးတဦးရဲ့လက်ထဲမှာဆို ဘောလုံးလေးတလုံးပိုက်လို့။ အခမ်း အနားက သူပုန်တွေ လက်နက်ချပွဲနဲ့မတူပဲ ဒုက္ခသည်စခန်းက ကလေးငယ်တစုကို တွေ့ရသလိုမျိုး ဖြစ် နေပါတယ်။

သူတို့နောက်မှာတော့ မိဘလို့ယူဆရသူ အသက် ၄၀-၅၀ အရွယ် လူကြီး ၃-၄ ဦး။ နာမည်ကြီးလှတဲ့ God Army တပ်မှူးတွေကို ဓာတ်ပုံတွေ၊ TV တွေထဲမှာ တွေ့ဖူးပြီးဖြစ်ပေမယ့် အရှင်လတ် လတ် အပြင်မှာ တွေ့ဖူးတာကတော့ ဒါ ပထမ ဆုံးအကြိမ်ပါပဲ။ အဝေးကနေ ဓာတ်ပုံလှမ်းရိုက်တာ အားမရလို့ အနီးကပ်ဝင်ရိုက်ဖို့ပြင်တော့ ကျနော်ဘေးနားရပ်နေတဲ့ ကိုသန်မာက ခွင့်မပြုပြပါဘူး။ သူ့ဗလနဲ့တားပြီး ဒီထက် ရှေ့တိုးခွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။

အင်း ဒုက္ခပါပဲ။ သူတို့ဆီသွားမရရင် မင်းတို့ ၀န်ကြီးချုပ်ဆီ သွားရိုက်မယ်ကွာလို့ စိတ်ထဲကပြောပြီး မစ္စ တာချွမ်နဲ့ ဗိုလ်ချုပ်ဆုရာယုတို့ကို ဓာတ်ပုံသွားရိုက်တော့ ဒီပုဂ္ဂိုလ်က လုံးဝမတားပါဘူး။ ထိုင်းလုံခြုံရေး ကလည်း တမျိုးကြီးပါလား။ ၀န်ကြီးချုပ်တွေ၊ စစ်ဦးစီးချုပ်တွေထက် God Army က ကလေးတပ်မှူး တွေ ကို ပိုအလေးထားနေရသလားဆိုပြီး ကျနော်စိတ်ထဲက ပြောမိပါတယ်။

သတင်းစာရှင်းပွဲပြီးလို့ ကားပေါ်ပြန်တက်ခါနီးမှ နယ်ခြားစောင့်ရဲ့ တပ်ရင်းမှူးကိုယ်တိုင် ကျနော်တို့ကို လာရောက်လက်ဆွဲနှုတ်ဆက်ပြီး နားလည်မှု လွဲခဲ့တဲ့အတွက်တောင်းပန်ပါကြောင်း စကားပြန်က တ ဆင့် ပြောပါတယ်။ ဘာကိုနားလည်မှုလွဲတာလဲဆိုတာကို ကျနော်က သိပ်သဘောမပေါက်ပါ။ ဘန် ကောက်အပြန်လမ်း Taxi ပေါ်ရောက်ပြီး ကားဆရာက အကြောင်းစုံရှင်းပြမှ ''ဟိုက် ဒီလိုလား'' ဆိုပြီး အံ့သြမိပါတယ်။

ဖြစ်ပုံက ကျနော်တို့မြန်မာနှစ်ဦး နယ်စပ်အထိရောက်လာတာကို သံသယရှိတဲ့အတွက် ကားဆရာကို စစ်ဗိုလ်က ခေါ်မေးတယ်လို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးအကြောင်း ကျနော်တို့ ပွားထားတာကို မတတ်တခေါက်နားလည်ထားတဲ့ ကားဆရာက ကျနော်တို့ဟာ ဒီမိုကရေစီအရေးအားပေးသူတွေ၊ ကျောင်းသားတွေ၊ နယ်စပ်က အဖွဲ့တွေနဲ့သိသူတွေ စသဖြင့် ပြောလိုက်ရာကနေ ထိုင်းဘက်က သံသ ယ ပိုဝင်သွားတယ်လို့ သိရပါတယ်။ လက်နက်ချလိုက်တဲ့ God Army တပ်မှူးတွေကို အနီးကပ် လုပ်ကြံဖို့၊ ဒီလိုလက်နက်ချတာကို သဘောမတူတဲ့ မြန်မာကျောင်းသားတွေက သတင်းထောက် အ ယောင်ဆောင် ရောက်လာတယ်ဆိုပြီး ထိုင်းစစ်တပ်က သံသယရှိသွားတယ်ဆိုတာကို သိရတော့မှ ကျနော်အတော်စိုးရိမ်သွား မိပါတယ်။

ကိုဂျော်နီနဲ့ VBSW ဘယ်မှာလဲ

အဲဒါ ၂၀၀၁ ခုနှစ် ဇန်နာဝါရီလကအခြေနေပါ။ အခု ၁၄ နှစ်လောက်ကြာပြီးတဲ့အချိန် ကြားသိရသမျှ အချက်လက်တွေကို ပြန်ကောက်ရမယ်ဆိုရင်တော့ God Army က လက်နက်ချတဲ့ လူတွေအားလုံးကို ဘုရားသုံးဆူနယ်စပ်အနီးရှိ ဘန်ဒုံယန်းဒုက္ခသည်စခန်းမှာ နေခွင့်ပေးလိုက်ပါတယ်။ အဲဒီကတဆင့် တတိယ နိုင်ငံတွေကို ထွက်ခွာသွားကြပြီး တပ်မှူးနှစ်ဦးထဲက တဦးဖြစ်သူ လူသာထူးဟာ ၂၀၀၉ ခုနှစ် က ဆွီဒင်နိုင်ငံဆီ ရောက်သွားပါတယ်။ ဂျော်နီထူးကတော့ တတိယ နိုင်ငံဆီမထွက်ပဲ ကန်ချနပူရီ-ထား ၀ယ် အဝေးပြေးကားလမ်းပေါ်ရှိ မေတ္တာကျေးရွာဆီ ပြန်သွားတယ်လို့ သိရပါတယ်။


(ကျဆုံးသွားတဲ့ ကိုဗေဒါနဲ့ ပျောက်ဆုံးသွားတဲ့ ကိုဂျော်နီတို့ကို တောတွင်းစခန်းတခုမှာတွေ့ရစဉ်)

ဒါပေမယ့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ထွက်လာတဲ့ AP သတင်းတပုဒ်အရ အခု အသက် ၂၅ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ လူသာထူးဟာ ဆွီဒင်ကနေ ထိုင်း-မြန်မာနယ်စပ် ဘန်းဒုံယန်းစခန်းဆီ ပြန်လာပြီး သူ့အကို ဂျော်နီထူးအပါဝင် ဆွေမျိုးတွေနဲ့ လာတွေ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့လက်နက် ချစဉ်က ထိုင်းစစ်ဘက်က ခေါ်ယူသွားပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ သူတို့တပ်ဖွဲ့ဝင် လူ ၅၅ ဦးကိစ္စကို စုံစမ်းဖော်ထုတ်ရေးအတွက် ထိုင်းလူ့အခွင့်ရေးရှေ့နေတွေနဲ့ တိုင်ပင်ခဲ့တယ်လို့ ဖတ်ရပါ တယ်။

ဒါက God Army အမွှာညီအကို ဂျော်နီနဲ့ လူသာထူးတို့အခြေနေပါ။ ဒါပေမယ့် တချိန်က သူတို့ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့၊ ကမာပုလောစခန်းကျတဲ့အထိ သူတို့နဲ့အတူ နေထိုင်တိုက်ပွဲဝင်ခဲ့တဲ့ သံရုံးသိမ်း ကျောင်းသားခေါင်းဆောင် ကိုဂျော်နီနဲ့ မြန်မာကျောင်းသား စစ်သည်တော်များ VBSW အဖွဲ့ဝင်တွေ အကြောင်းတော့ ဘယ်သတင်းဌာနကမှ ပြန်ရေးတာ မတွေ့ရသေးပါဘူး။

ကျနော်ရှာဖွေတွေ့ရှိသမျှ မှတ်တမ်းတွေအရဆိုရင် ကမာပုလော စခန်းကျပြီးတဲ့နောက် God Army က အခုလို လက်နက်ချသွားပေမယ့် VBSW မှ ကိုဂျော်နီတို့က လက်မချပဲ တဂိုလန်း နောက်ကျောဘက်ရှိ KNU တပ်မဟာ ၄ ဒေသမှာ ဆက်လက်လှုပ်ရှားနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထိုင်းဘက်က ဖိအားပေးမှု အရမ်းများနေတဲ့အတွက် မြန်မာအတိုက်ခံအများစုတည်ရှိရာ KNU တပ်မဟာ ၆ နဲ့ မဲဆောက်ဒေသဘက်ဆီရွှေ့ဖို့ တပ်ပေါင်းစု NCUB က စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဆိုပြုချက်အရ KNU ဗဟိုကော်မတီမှ မန်းငြိမ်းမောင်နဲ့ ကိုဂျော်နီနဲ့ တနယ်တည်းသား NLD-LA မှ ဦးမြင့်သိန်းတို့ ပါဝင် တဲ့ တပ်ပေါင်းစုကိုယ်စားလှယ်အဖွဲ့တခုဟာ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းက (အခု ဖုနန်းလွန်-ထီးခီးနယ်စပ်ဂိတ်အနီး) KNU တပ်မဟာ ၄ တောတွင်းစခန်းဆီ ရောက်လာာပြီး ကိုဂျော်နီနဲ့ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်သတင်းရပ်ကွက်တွေ အပြောတိုင်းဆိုရင်တော့ အဲဒီဆွေးနွေးမှုကို ကိုဂျော်နီက လက်ခံပြီး မဲ ဆောက်ဘက်ကိုပြောင်းဖို့ သဘောတူခဲ့ကြောင်း၊ မန်းငြိမ်းမောင်နဲ့ ဦးမြင့်သိန်းတို့ကလည်း တပ်ပေါင်းစု ဘက် အသေးစိတ်ပြင်ဆင်ပြီးရင် ထောက်လှမ်းရေးကားနဲ့ အသေချာလာခေါ်မယ်လို့ပြောပြီး ပြန်လာခဲ့ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ နယ်စပ်ရောက်တာနဲ့ ထိုင်းစစ်တပ်က ဖမ်းဆီးပြီး ကွန်ပျူ တာတွေ၊ ကင်မရာတွေကို သိမ်းယူခဲ့တယ်လို့ မန်းငြိမ်းမောင်နဲ့ ဦးမြင့်သိန်းတို့က DVB ကို ပြောပြခဲ့ဖူး ပါတယ်။

သူတို့ပြန်ပြောပြတဲ့အချိန်ဟာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလကျမှ ဖြစ်ပါတယ်။ ဘာကြောင့် အဲဒီချိန်မှ ပြန် ပြောသလဲဆိုရင် ကိုဂျော်နီတို့ ပျောက်ဆုံးသွားတာကို ပျောက်ပျောက်ခြင်းအချိန်မှာ ဘယ်သူမှမသိဘဲ အဲဒီအချိန်ကျမှ VBSW အဖွဲ့ကနေ ကြေညာချက်တစောင်ထုတ်ပြီး နိုင်ငံတကာသတင်းဌာနတွေဆီ ပေးပို့ခဲ့လို့ဖြစ်ပါတယ်။ အဲဒီကြေညာချက်အရ လိုက်မေးတော့မှ သူတို့လည်း ဒီသတင်းကို အခုမှကြား ရတဲ့အကြောင်း၊ သူတို့ပြန်ထွက်လာပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့တယ်ဆိုတာကို သူတို့ဘာမှမသိ ကြောင်း ပြောကြပါတယ်။

အဲဒီကာလက ဖုနန်းလွန်နယ်စပ်နဲ့ ကန်ချပူရီမြို့ဝန်းကျင်ရှိ သတင်းရပ်ကွက်တွေရဲ့ ပြန်ပြောပြချက် အရနဲ့ VBSW ထုတ်ပြန်ချက်အရဆိုရင် ပဒိုမန်းငြိမ်းမောင်နဲ့ ဦးမြင့်သိန်းတို့ ပြန်သွားတဲ့ညမှာပဲ ထိုင်း စစ်တပ်နဲ့ အမည်မသိ ကရင်အဖွဲ့တခုက NCUB က လာခေါ်တဲ့ပုံစံမျိုးနဲ့ ပုံမှားရိုက်ပြီး ကိုဂျော်နီတို့ကို လာခေါ်သွားတယ်လို့ဆိုပါတယ်။ KNU နယ်ကနေ ထိုင်းနယ်ထဲအဖြတ် ကားရပ်ထားတဲ့နေရာရောက်မှ သူ့ကိုဖမ်းမှန်းသိတဲ့အတွက် ကိုဂျော်နီ ဘယ်လိုမှပြေးမလွတ်တော့ဘူးလို့ နယ်စပ်သတင်းရပ်ကွက်တွေ က ပြောပါတယ်။

သူ့ရဲ့ရဲဘော်ရဲဘက်တွေ၊ သူကိုလေးစားသူတွေက သူ့အကြောင်း ရှာဖွေဖေါ်ထုတ်၊ စုံစမ်းအရေးယူ မယ်လို့ပြောလေ့ရှိပေမဲ့ အခုချိန်ထိတော့ ကိုဂျော်နီ ဘယ်လိုပျောက် သွားသလဲ၊ ဘယ်သူတွေမှာတာ ၀န်ရှိသလဲဆိုတာကိုတော့ ဘယ်သူကမှ အတိအကျမသိနိုင်ဖြစ်နေဆဲပါ။    ။

ထက်အောင်ကျော်
http://www.htetaungkyaw.net/2014/07/blog-post_69.html

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၁)  တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၁) Reviewed by သစ်ထူးလွင် on 23:12 Rating: 5
Powered by Blogger.