ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မှာ ဗန်းမော်မြို့က စစ်ဘေးဒုက္ခသည်စခန်း ၃ ခုနဲ့ ဗန်းမော်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
သူ့အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေးကိစ္စတွေကို အလေးထားမေးမြန်းခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောပါတယ်။
"IDP နဲ့ ပတ်သက်ပြီး သူက ကျနော့်ကိုမေးတာပေါ့နော်၊ ကျနော်က သူတို့ပြန်ချင်တဲ့ဆန္ဒရှိတယ်ဆိုင်ရင် ပြန်နိုင်အောင်လုပ်ပေးပါ့မယ်လို့၊ စခန်းမှာ ဒုက္ခသည်တွေကို ကူညီပေးပါတယ်၊ လူမျိုးပေါင်းစုံပေါ့၊ ရှမ်းဒုက္ခသည်စခန်းလည်းသွားတယ်၊ ဗမာနဲ့ ကချင်နဲ့ရောနေတဲ့ ဒုက္ခသည်စခန်းလည်းသွားတယ်၊ အပြန်မှာ ဗန်းမော်အကျဉ်းထောင်လည်းသွားတယ်"
Ms Yanghee Lee ဟာ မနေ့က မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဝိုင်းမော်မြို့ သာဂရ သရက်တောဘုန်းတော်ကြီးကျောင်းက စစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေ သွားရောက်
Reviewed by သစ်ထူးလွင်
on
23:31
Rating: