မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကရင်လက်နက်ကိုင်များ ကော်မတီဖွဲ့စည်း

ဇူလိုင် ၁၀ ရက်၊ ၂၀၁၄ ခုနှစ်။

 ကရင်တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့ဖြင့် စုစည်း ဖွဲ့စည်းထားသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အဖွဲ့ဝင် ၁၇ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဇူလိုင် ၈ ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုလ်ရွာတွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

၎င်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါး ပြဿနာ များကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် အတွင်းရေးမှူးအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်မှူးကြီး စောဖောဒိုတို့ ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဌ ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

“ကျနော်တို့ ကရင်ပြည်နယ်မှာ လူကြီးကနေ ကလေးသူငယ် ကျောင်းသူကျောင်းသားလေးတွေကအစ အချို့ မူးယစ်ဆေး သုံးစွဲနေတာတွေ တွေ့နေရတယ်။ လူထုတွေကို ကျနော်တို့ ပြန်လည်ကူညီပေးရမယ့် အပိုင်းရောက် နေပြီ။ ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းမှဖြစ်တော့မယ် ဆိုပြီးတော့ အခုလို ဖွဲ့လိုက်တာပါ”ဟု ဗိုလ်မှူးကြီး စောချစ်သူက ကေအိုင်စီသို့ ပြောသည်။

မြ၀တီမြို့နယ် ရွှေကုက္ကိုလ်ရွာတွင် ဇူလိုင် ၈ရက်နေ့က KNU၊ BGF၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ KNU/KNLA(PC)၊ KPF( ဟောင်သရော အထူးဒေသ)၊ ပဒိုအောင်ဆန်း ဦးဆောင်သည့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့မှ ခေါင်းဆောင် ၃၀ ကျော်ပါဝင်သော အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ အဆိုပါ မူးယစ်ဆေးတိုက်ဖျက်ရေးကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထိုအရေးပေါ် အစည်းအဝေးတွင် တက်ရောက်လာသော ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီ အဖွဲ့ဝင်ခေါင်းဆောင်များက မူးယစ်ဆေးစွဲသူများအားကုသရေး၊ ပညာပေးရေး၊ ပြန်လည်ထူထောင် ရေးနှင့် မူးယစ်ဆေးရောင်းဝယ်သူများအား ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ရေး စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အရေးပေါ်အစည်းအဝေးတက်ရောက်ခဲ့သည့် KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ဒီကော်မတီ ကနေ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် နည်းလမ်းရှာပြီး ဦးဆောင်လုပ်သွားမယ်။ ရောင်းဝယ်သူ၊ သုံးစွဲသူတွေ ကို ထိန်းသိမ်းမယ်၊ ပညာပေးမယ်။ လိုအပ်ရင် အစိုးရနဲ့ ပူးပေါင်းပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မေ ၂၁ရက်မှ ၂၈ရက်နေ့အထိ ကရင်တိုင်းရင်းသားလက်နက်ကိုင်များညီညွှတ်ရေးကော်မတီသည် အဖွဲ့ဝင်များ စုပေါင်း၍ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များသို့ သွားရောက်ကာ မူးယစ်ဆေးဝါး အသိပညာပေးနှင့် သတိပေးဟောပြောပွဲများကို ပြုလုပ်ခဲ့သေးသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကို ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးရွာ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၈ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် လုပ်ဆောင်ချက်တစ်ခုအဖြစ် ထည့်သွင်းထားခဲ့ကြောင်း သိရသည်။

စဖန်းရှောင်း

ကေအိုင်စီ - KIC News / http://www.kicnews.org/


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကရင်လက်နက်ကိုင်များ ကော်မတီဖွဲ့စည်း  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကရင်လက်နက်ကိုင်များ ကော်မတီဖွဲ့စည်း Reviewed by သစ်ထူးလွင် on 16:33 Rating: 5
Powered by Blogger.