အငှားယာဉ်မောင်းအား ၀က်အူလှည့်ဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ငွေတောင်းသူ ခရီးသည်လူငယ် (၂)ဦးအနက် (၁)ဦးကို ဖမ်းဆီးရမိ

 ရန်ကုန်၊ ဇူလိုင် ၂၂

 ၂၁.၇.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် သန်လျင်မြို့နယ်နေ ဒေါ်------ သည် သာကေတ နယ်မြေ ရဲ စခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ခင်ပွန်း အငှား ယာဉ်မောင်း ဦးတိုးနိုင်အား ယာဉ်ပေါ်ပါ ခရီး သည်များမှ ခြိမ်းခြောက်ကာ ငွေကျပ်(၂) သိန်းပေးရန် တောင်းခံ နေကြောင်းနှင့် ၎င်းတို့ ချိန်းဆိုသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်းသို့ အမျိုးသမီး တစ်ဦးတည်း လာရောက် ပေးရမည်ဖြစ် ကြောင်း တို့ကို ခင်ပွန်းဖြစ်သူမှ ဖုန်းဖြင့် ဆက်သွယ်လာ သဖြင့် ကူညီဆောင်ရွက် ပေးပါရန် သတင်းပေး ပြောကြား လာခဲ့ပါသည်။

အဆိုပါသတင်းရရှိသည်နှင့်တစ်ပြိုင်နက် သာကေတနယ်မြေ ရဲစခန်းမှူးနှင့်အဖွဲ့သည် သတင်းပေးတိုင်ကြားလာသည့်အမျိုးသမီးနှင့် အတူလိုက်ပါပြီး စုံစမ်းရှာဖွေခဲ့ရာ ၎င်းတို့ချိန်းဆိုသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းနှင့် ပြည်ထောင်စုလမ်းဆုံအနီးရှိ လမ်းကြားတစ်ခုအတွင်း၌အခင်းဖြစ်အငှားယာဉ်အားတွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်သူများအား ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးထွက်ပြေးသွားပြီး မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်နေ ဇော်မိုး(ခ)လှမိုးသူ၊ (၂၂)နှစ်၊ (ဘ)ဦးလှဝင်းအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်အားစစ်ဆေးရာ အငှားယာဉ်မောင်း ဦးတိုးနိုင်သည် ၎င်းမောင်းနှင်သော ပရိုဘောက်ယာဉ်ကို တောင်ဥက္ကလာပမြို့နယ်ဘက်မှ မြောက်ဥက္ကလာပမြို့နယ်ဘက်သို့ ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာစဉ် မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းအနီးအရောက် လူငယ်(၂)ဦးမှ မြေနီကုန်းသို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့မောင်းနှင်လာစဉ် ခရီးသည်လူငယ်(၂)ဦးမှ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ သဇင်ရုံလမ်းအတွင်းသို့ မောင်းနှင်ခိုင်းပြီး အသင့်ယူဆောင်လာသော ၀က်အူလှည့်ဖြင့် ဦးတိုးနိုင်၏ လည်ပင်းအား ထောက်ကာ ငွေတောင်းခဲ့၍ ငွေ(၃၀၀၀၀)ကျပ်အား ပေးခဲ့ရ ကြောင်း၊ ဆက်လက်၍ ၎င်းလူငယ်(၂)ဦးမှ လမ်းကြားတစ်ခုသို့ ထပ်မံမောင်းနှင်ခိုင်းပြီး ငွေကျပ် (၂)သိန်းပေးရန်တောင်းသဖြင့် ဦးတိုးနိုင်မှ ဇနီးဖြစ်သူထံ ဖုန်းဆက်သွယ်ပြီး ၎င်းတို့ချိန်းဆိုသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းသို့ ငွေလာရောက်ပေးပို့ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဇော်မိုး(ခ)လှမိုးသူအား စစ်ဆေးရာ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် သွားသူမှာ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်နေ တရုတ်ကြီး(ခ)ပြောင်ကြီး(ခ)စိုးမင်းထွန်း၊ (၂၃)နှစ်ခန့် ဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့် အခင်းဖြစ်ရပ်မှာ မရမ်းကုန်းမြို့နယ်ဖြစ်သည့်အတွက် ပြစ်မှုကျူးလွန်ခဲ့သူ ဇော်မိုး(ခ)လှမိုးသူနှင့် တရုတ်ကြီး(ခ)ပြောင်ကြီး(ခ)စိုးမင်းထွန်းတို့(၂)ဦးအား မရမ်းကုန်းမြို့ရဲစခန်း(ပ)၂၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရုတ်ကြီး(ခ)ပြောင်ကြီး(ခ)စိုးမင်းထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


အငှားယာဉ်မောင်းအား ၀က်အူလှည့်ဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ငွေတောင်းသူ ခရီးသည်လူငယ် (၂)ဦးအနက် (၁)ဦးကို ဖမ်းဆီးရမိ  အငှားယာဉ်မောင်းအား ၀က်အူလှည့်ဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ငွေတောင်းသူ ခရီးသည်လူငယ် (၂)ဦးအနက် (၁)ဦးကို ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 23:46 Rating: 5
Powered by Blogger.