ရဲတပ်ဖွဲ့ဝင်လေးဦးက အပြစ်မဲ့ အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ်

 ဇူလိုင်လ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် တစ်စုံတစ်ရာပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော အရပ်သားနှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက လက်ထိပ်ခတ် ထိုးကြိတ်ခဲ့ကြောင်း မျက်မြင်သိရှိသူများနှင့် ထိုးကြိတ်ခံရသူ ကပြောသည်။

" အရပ်ဝတ်နဲ့နှစ်ယောက် ရဲယူနီဖောင်းဝတ်က နှစ်ယောက် လက်ထိပ်ခတ်ပြီးသူတို့တွေဝိုင်းထိုးတယ်။ လက်ကောက်ဝတ် တွေလည်းနာနေတယ်။ နှာခေါင်းတွေကလည်းသွေးကျတယ်။ ပါးစပ်ထဲကလည်း သွေးတွေကျတယ်။ မျက်လုံးလဲယောင်နေတယ်။ " ဟုအထိုးခံရသူ့ ကိုကျော်စိုးကပြောသည်။

၉ ရက်နေ့ နေ့လည် (၃)နာရီအချိန်က ကျောင်းကြီးအိုးတန်းရပ်ကွက်တွင် ကိုကျော်စိုးဆိုသူသည် ၇(က)၃၆၀၇ ဒိုင်နာကားအား လမ်းရှည်လမ်း မှသံတစ်ချောင်းလမ်းဘက် သို့ မောင်းနှင်ချိုးကွေ့ခဲ့သည်။ အဲဒီအချိန်မှာပဲ ကျောင်းကြီးအိုးတန်းနယ်ထိန်း ဒုတပ်ကြပ်မျိုးကိုကျော် မောင်းနှင်လာသောဆိုင်ကယ် နှင့် တိုက်မီမလိုဖြစ်ရာမှ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်ကြည့်ကြရာက စတင်စကားများခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး ကပြောသည်။

" ငါ ရဲကွ မင်းတို့လိုင်စင်ပေးစမ်း လို့ပြောတယ်။ ခင်ဗျားရဲဆိုရင် ကျွန်တော့်ကိုဘာအမှုနဲ့ ဖမ်းမှာလဲလို့ မေးလိုက်တော့ သူတို့ပြန်ထွက်သွားတယ် ။ ကျနော်တရုတ်တန်းလမ်းကနေ ဈေးလမ်းဘက်ကို ကွေ့တဲ့အချိန်ကျမှ ရဲနှစ်ယောက်ထပ်ခေါ်လာပြီးကျွန်တော့်ကို မင်းဆင်း ခဲ့ဆိုပြီး လက်ထိပ်ခတ်ဝိုင်းထိုးတာဘဲ" ဟုအထိုးခံရသူ့ ကိုကျော်စိုး ကပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်လေးဦးသည် ကိုကျော်စိုးအား လက်ထိတ်ခတ်ကာ အချက်နှစ်ဆယ်ခန့် ထိုးကြိတ်ခဲ့ပြီး ၄င်း၏ညီ ကိုစည်သူအောင်အား(၈)ချက်ခန့်ထိုးကြိတ်ခဲ့ကြောင်း ပြီးတော့သူတို့က “ ရဲကွမင်းတို့ကိုဖမ်းလို့ရတယ်ဆိုပြီး ။ အဲကောင်တွေကို ထိုးတယ်။ ကန်တယ်။ ဆယ့်ငါးမိနစ်လောက်ကို လုပ်တာ။’’ဟု မျက်မြင်တွေ့ရှိ သူများကပြောသည်။

ကင်မရာအခွဲခံရသူကိုရှိုးတီ နှင့် နီးစပ်သူတစ်ဦးက "ကိုယ့်အိမ်ကိုလာနေကျ ကားသမားမလို့ ကူညီတဲ့သဘောနဲ့ ကိုရှိုးတီက သွားပြီး ဓါတ်ပုံရိုက်ပေးတာ။ ရဲကဖုန်းကိုခွဲပစ်တယ်ပြောတယ်။ စခန်းမှူးက ဖုန်းဆက်မေးတော့ ကိုရှိုးတီက ဘာမှမလုပ်ပါဘူးလို့ ပြန်ပြောလိုက်တယ်" ဟုဆိုသည်။
ထိုးကြိတ်ခံရသူ တစ်ဦးဖြစ်သည့် ကိုကျော်စိုးကို ပြည်အမှတ်(၁)ရဲစခန်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင် ဆေးဝါးကုသပေးခဲ့ရာ ကာယကံရှင်ကိုကျော်စိုးက အမှုမဖွင့်လိုတော့ကြောင်း ပြောသည်။

" ကျွန်တော့မှာလည်း မိသားစုရှိတယ်။ သူတို့မှာလည်းမိသားစုရှိမယ်။ ကျွန်တော်လုပ်လိုက်ရင် သူတို့မိသားစုတွေဒုက္ခရောက်မှာ ဆိုးလို့အမှုမဖွင့်တော့ဘူး ကျေအေးလိုက်တာတော့မဟုတ်
ဘူး။’’ ဟု၎င်းကဆိုသည်။

ထိုအကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ပြည်အမှတ်(၁)ရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်းက "ပြစ်မှုကျူးလွန်တဲ့ ခေါင်းဆောင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အရအရေးယူသွားမယ်" ဟုဆိုသည်။

သတင်း - ပြည့်သဲမောင်(ပြည်)

BY THIT HTOO LWIN


ရဲတပ်ဖွဲ့ဝင်လေးဦးက အပြစ်မဲ့ အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ်  ရဲတပ်ဖွဲ့ဝင်လေးဦးက အပြစ်မဲ့ အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ် Reviewed by သစ်ထူးလွင် on 16:42 Rating: 5
Powered by Blogger.