လူမှုတာဝန်သိသော သတင်းမီဒီယာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၀

 လူမှုတာဝန် သိတတ်သော သတင်းမီဒီယာများ ဖြစ်ထွန်းလာ စေရန် အလေ့အကျင့်ကောင်းများနှင့် နည်းပညာ အလွဲသုံးစားမှုဆိုင်ရာစိန်ခေါ်မှု များအား အဖြေရှာဆွေးနွေး သွားရန် ရည်ရွယ်လျက် လူမှုတာဝန် သိတတ်သော သတင်းမီဒီယာနှင့်ပတ်သက်သော ဆွေးနွေးပွဲ (Community Forum on Responsible Social Media in Myanmar) ကို ရန်ကုန်မြို့ MICT Park ရှိ အစည်း အဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းကကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းမှ တာဝန်ရှိသူများ၊ The Asia Foundation, Google, Facebook, Twitter, Deloitter တာဝန်ရှိသူများနှင့် သတင်းအချက် အလက်ဆိုင်ရာ နည်းပညာလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းကသတင်းအချက် အလက်နှင့် နည်း ပညာကဏ္ဍသည် ယနေ့ခေတ်နှင့် အညီ အရှိန်အဟုန်ဖြင့် တိုးတက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည်လည်း သတင်းအချက် အလက်နည်း ပညာရေစီးကြောင်းနှင့်အတူ လိုက်ပါ တိုးတက်လျက်ရှိကြောင်း၊ နည်းပညာ တိုးတက်မှုဖြစ်ပေါ် လာသည့်နည်းတူ ကောင်းကျိုး၊ ဆိုးကျိုးများသည်လည်း အတူယှဉ်တွဲ ဖြစ်ပေါ်လာကြောင်း၊ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားလာသည်နှင့် မိုဘိုင်းဖုန်းနှင့်အတူ အင်တာနက်သုံးစွဲမှုမြင့်မား လျက်ရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်မီဒီယာများ သုံးစွဲနှုန်းမြင့်တက်လျက်ရှိပြီး အင်တာနက် သုံးစွဲသူ သုံးသန်းရှိသည့် အနက် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ သုံးစွဲသူ နှစ်သန်းခန့်ရှိနေကြောင်း၊ သုံးစွဲ သူများမှာ လူမှုရေးကဏ္ဍ အတွက် သာမက စီးပွားရေး၊ နိုင်ငံရေးကဲ့သို့ သော ကဏ္ဍများကိုပါ သုံးစွဲလာကြပါကြောင်း၊ အဆိုပါ လူမှုကွန်ရက် မီဒီယာများကို ကြားခံသတင်းမီဒီယာများအဖြစ် သုံးစွဲလျက်ရှိကြောင်း၊ အမုန်းစကားများကို အရင်းခံကာ တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြင် လူမှုအသိုက်အဝန်းတစ်ခုနှင့် တစ်ခုပါ ထိပါးနှောင့်ယှက်မှု များဖြစ်လာပြီး လူ့အသိုက်အဝန်းတစ်ခုကို အမုန်းတရားများပြန့်ပွားအောင် ဖန်တီးမှုများရှိနေကြောင်း၊ လူမှု အသိုက်အဝန်း အတွင်း ဖြစ်လေ့ ဖြစ်ထရှိသော သာမန်အမှုအခင်းများ ပေါ်အခြေခံကာ မလိုလားအပ်သော ပြဿနာများ ပိုမိုကြီးထွားစေသည့်အပြောအဆိုများ ရေးသားလျက်ရှိ သည်ကို တွေ့မြင်နေရကြောင်း၊ မိမိ ကိုယ်တိုင်စိစစ်လေ့လာကာ ပြောသင့်ပြောထိုက်သော စကားအသုံးအနှုန်းများမှအစ တာဝန်ယူတတ်သော အလေ့အထများ ပိုမိုဖြစ်ထွန်းလာ စေရန် အလွှာအသီးသီးပါဝင် သော လူထုဆွေးနွေးပွဲများ ကျင်းပ ပြီးအဖြေရှာလျက်ရှိကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုမထိပါးဘဲ လူမှုတာဝန်သိတတ်သော သတင်းမီဒီယာများ ဖြစ်ထွန်းလာစေရန် နိုင်ငံတကာတွင် ကျင့်သုံးနေသော ကျင့်ဝတ်များ၊ အခြေခံမူများအား လေ့လာကာ မိမိနိုင်ငံနှင့် သင့်လျော်သော အလေ့အကျင့် ကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကျင်း ပကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသော အဖြေရှာမှုများကို အသုံး ပြုကာ ပိုမိုတိုးတက်ကောင်းမွန်သော လူမှုအသိုက်အဝန်းများ ဖြစ်ထွန်းလာစေရန် မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတရုံး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းတို့မှပူးပေါင်းကျင်းပကာ လူမှုကွန်ရက် မီဒီယာများအတွက် အလေ့အကျင့် ကောင်းများ၊ လူမှုကွန်ရက်မီဒီယာများ၏ အခန်းကဏ္ဍနှင့် တာဝန်ယူမှုများ၊ မြန်မာနိုင်ငံ၏ လူမှုကွန်ရက် မီဒီယာဆိုင်ရာ စိန်ခေါ်မှုများ၊ လူမှုကွန်ရက်မီဒီယာများ၏ အနာဂတ် အလားအလာ စသည့်ခေါင်းစဉ်များကို နိုင်ငံတကာနှင့် ပြည်တွင်းမှ နည်းပညာဆိုင်ရာပညာရှင်များ၊ သတင်း မီဒီယာများမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးခဲ့ပြီး နည်းပညာနယ်ပယ်မှ တာဝန်ရှိသူများ၊ ဌာန အသီးသီးမှ တာဝန်ရှိသူများ၊ နည်း ပညာနှင့် ဆက်နွှယ်နေသော မီဒီယာများ၊ စိတ်ပါဝင်စားသူများ တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရသည်။

MOI Webportal Myanmar

https://www.facebook.com/MOIWebportalMyanmar


လူမှုတာဝန်သိသော သတင်းမီဒီယာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ  လူမှုတာဝန်သိသော သတင်းမီဒီယာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ Reviewed by သစ်ထူးလွင် on 08:33 Rating: 5
Powered by Blogger.